အီဖယ်မျှော်စင်မှ လှေကား တစ်စိတ်တစ်ပိုင်းကို ဒေါ်လာငါးသိန်းကျော်ဖြင့် လေလံတင်ရောင်းချ

အီဖယ်မျှော်စင်မှ လှေကား တစ်စိတ်တစ်ပိုင်းကို ဒေါ်လာငါးသိန်းကျော်ဖြင့် လေလံတင်ရောင်းချ
Published 24 November 2016

ပါရီရှိ အီဖယ်မျှော်စင်မှ လှေကား တစ်စိတ်တစ်ပိုင်းကို ဒေါ်လာ ၅၅၆၀၀၀ ဖြင့် လေလံတင် ရောင်းချခဲ့ပြီး ခန့်မှန်းထားသည့် ဈေးနှုန်းထက် ၁၀ ဆကျော် ပိုရခဲ့ကြောင်း လေလံလုပ်ငန်းက နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြား ခဲ့သည်။ အီဖယ်မျှော်စင် ဒုတိယထပ်နှင့် တတိယထပ်ကြားရှိ သံလှေကားထစ် ၁၄ ထစ်ပါ  ကြောင်လိမ် လှေကားပိုင်းကို ပါရီ၌လေလံတင် ရောင်းချခဲ့ရာ အာရှမှ ဝယ်ယူသူ တစ်ဦးက တယ်လီဖုန်းဖြင့်  လေလံဆွဲသွားခဲ့ကြောင်း လေလံလုပ်ငန်း Artcurial က ပြောကြားခဲ့သည်။
လေလံကို ယူရို ၂၀၀၀၀ မှ စတင်ဈေး ဖွင့်ခဲ့ပြီး တစ်ရှိန်ထိုး မြင့်တက်သွားခဲ့ရာ ယူရို ၄၀၀၀၀ ရရှိမည်ဟု ခန့်မှန်းချက်ထက် အလွန်အမင်း မြင့်မားသည့် ယူရို ၅၂၃၈၀၀ ဖြင့် လေလံအောင်ခဲ့ကြောင်း Artcurial မှ ပြောကြားခဲ့သည်။
ပြင်သစ် အင်ဂျင်နီယာ ဂူစတာအီဖယ်က ၁၈၈၉ ခုနှစ်တွင် တည်ဆောက်ခဲ့သော ၃၂၄ မီတာ (၁၀၆၃ ပေ) မြင့်သည့် အီဖယ်မျှော်စင်သည် ပါရီမိုးမျှော်တိုက်များတွင် အထင်ရှားဆုံးသော အမှတ်သင်္ကေတတစ်ခု ဖြစ်သည်။ အီဖယ်မျှော်စင်သည် ပြင်သစ်၏ ခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင်မှုအရှိဆုံး အထိမ်းအမှတ် နေရာဖြစ်ပြီး ပြင်သစ်တွင် တတိယအမြင့်ဆုံး အဆောက်အအုံအဖြစ် ရှိနေဆဲဖြစ်သည်။
၁၉၃၀ ပြည့်နှစ်တွင် နယူးယောက်၌ Chrysler အဆောက်အအုံကို  မတည်ဆောက်မီအထိ အီဖယ်မျှော်စင်သည် ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံအဖြစ် ၄၁ နှစ်တိုင်တိုင် ရပ်တည်ခဲ့သည်။ ဓာတ်လှေကား တည်ဆောက်ရန်အတွက် ၁၉၈၃ ခုနှစ်တွင် မျှော်စင်မှ လှေကားထစ်များကို ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး နှစ်မီတာမှ ကိုးမီတာကြား အမြင့်ရှိ လှေကားပိုင်း ၂၄ ခုကို  ထိုစဉ်က ဖြတ်ထုတ်ခဲ့သည်။ အချို့လှေကား ထစ်များကို ဂျပန်ရှိ ယာမာနာရှီမြို့မှ ယိုရှီအီဖောင်ဒေးရှင်း၏ ဥယျာဉ်များ အတွင်းတွင် ထားရှိပြီး အချို့လှေကား ထစ်များကို ပြတိုက်များက ဝယ်ယူခဲ့ကြသည်။
Artcurial လေလံလုပ်ငန်းသည် ၂၀၁၃ ခုနှစ်တွင် လှေကားထစ် ၁၉ ထစ်ပါ ၃ ဒသမ ၅ မီတာ လှေကားအပိုင်းအား ယူရို ၂၂၀၀၀၀ ဖြင့် လေလံတင် ရောင်းချခဲ့ပြီးဖြစ်သည်။
အီဖယ်မျှော်စင် လှေကားထစ်များသည် ဈေးနှုန်းမြင့်မြင့်မားမား ရရှိထားသော်လည်း ပြင်သစ်တွင် ရှေးဟောင်း အနုပညာ လက်ရာများ ရောင်းချမှုအဖြစ် ပန်းပုဆရာ ဂျော့ဆောပစ်၏ အထိမ်းအမှတ် ပန်းပုလက်ရာ လေးခုသည် ဈေးအမြင့်ဆုံးရသည့် အနုပညာ ပစ္စည်းများအဖြစ် ရပ်တည်နေသည်။
ပြင်သစ်သမ္မတနိုင်ငံ၏ သင်္ကေတဖြစ်သော မာရီယာနီ၏ ကိုယ်တစ်ပိုင်းပုံ ရုပ်တုံအတွက် ကျော်ကြားသည့် ဆောပစ်၏ ပန်းပုလက်ရာ လေးခုသည် ယူရို ၁ ဒသမ ၂၄ သန်း ရရှိထားသည်။ ပြင်သစ်ယဉ်ကျေးမှု အတွက် သင်္ကေတဖြစ်သော အီဖယ်မျှော်စင် လှေကားအတွက် လေလံပွဲတွင် နိုင်ငံတကာမှ ဝယ်ယူလိုသူ အများအပြားက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အာရှမှ လေလံဆွဲသူတစ်ဦးက ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း Artcurial မှ ဖရန်ဆွာတာရန်က ပြောကြားခဲ့သည်။
Ref : AFP

Most Read

Most Recent