မကောင်းဆိုးဝါး ဖယ်ရှားပေးရန် လိင်ဆက်ဆံမှုဓလေ့ ဆောင်ရွက်ခဲ့သည့် မာလာဝီအမျိုးသား ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံရ

မကောင်းဆိုးဝါး ဖယ်ရှားပေးရန် လိင်ဆက်ဆံမှုဓလေ့ ဆောင်ရွက်ခဲ့သည့် မာလာဝီအမျိုးသား ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံရ
Published 23 November 2016
Ref:AFP

မာလာဝီနိုင်ငံတွင် မကောင်းဆိုးဝါးများအား ဖယ်ရှားပေးရန်ဟုဆိုကာ မိန်းကလေးငယ်နှင့် အမျိုးသမီး ၁၀၀ ထက်မနည်းနှင့် လိင်ဆက်ဆံခဲ့သည်ဟု ပြောကြားခဲ့သော အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံထားရသည့် အမျိုးသားတစ်ဦးသည် နိုဝင်ဘာ ၂၂ ရက်တွင် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရသည်။ အသက် ၄၅ နှစ်ရှိ အီရစ်အာနီဘာက ၎င်းသည် hyena အဖြစ် ဆောင်ရွက်ခဲ့ကြောင်း ယခုနှစ်အစောပိုင်းတွင် ဘီဘီစီရေဒီယိုမှတ်တမ်း အစီအစဉ်၌ လူသိရှင်ကြား ပြောကြားခဲ့ပြီး နောက်၎င်းအား ဖမ်းဆီးရန် သမ္မတပီတာ မူတာရီကာက ညွှန်ကြားခဲ့သည်။
တစ်ရက်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီး နောက်အာနီဘာသည် စွဲချက်နှစ်ခုတွင် အပြစ်ရှိကြောင်း တရားရုံးက နိုဝင်ဘာ ၁၈ ရက်၌ ဆုံးဖြတ်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်တွင် တရားရုံးက ၎င်းအား ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ မာလာဝီတောင်ပိုင်းရှိ နေရာအချို့တွင် ကျင့်သုံးသည့် ဓလေ့တစ်ခုအရ ခင်ပွန်းဖြစ်သူ သေဆုံးမှုကြောင့် ပူဆွေးနေသော မုဆိုးမများသည် မကောင်းဆိုးဝါးများအား နှင်ထုတ်ရန်နှင့် နောက်ထပ် သေဆုံးမှုမဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်ရန် hyena ဟုဆိုသော အမျိုးသားအား အခကြေးငွေပေး၍ လိင်ဆက်ဆံကြကြောင်း သိရသည်။ ထို့ပြင် မိဘများ၏မေတ္တာရပ်ခံမှုဖြင့် ၎င်းတို့၏ ပျိုဖော်ဝင်ချိန်သမီးများအား ပထမဆုံးအကြိမ် ရာသီလာပြီးချိန်တွင် မိန်းမသားဘ၀ အရွယ်ရောက်ပြီဖြစ်ကြောင်း သင်္ကေတအဖြစ် hyena အား အခကြေးငွေလေး ဒေါ်လာမှ ခုနစ်ဒေါ်လာအထိပေး၍ လိင်ဆက်ဆံစေခဲ့ကြောင်းလည်း သိရသည်။
မိန်းကလေးငယ်တစ်ဦးမျှ ထွက်ဆိုမှု မပြုလုပ်ခဲ့ချိန်တွင် ကျား၊ မ တန်းတူညီမျှရေး အက်ဥပဒေအရ အင်နီဗာအား စွဲဆိုထားသောစွဲချက်၌ မုဆိုးမများနှင့် လိင်ဆက်ဆံမှုနှင့် ပတ်သက်သောစွဲချက် ပါဝင်ကြောင်း သိရသည်။ ထောင်ဒဏ်ငါးနှစ်အထိ ကျခံရနိုင်သော ယင်းစွဲချက်များတွင် အပြစ်မရှိဟု အာနီဘာက ထွက်ဆိုခဲ့ပြီး ၎င်း၏ရှေ့နေကလည်း အယူခံဝင်မည်ဟု ပြောကြားခဲ့သည်။
ယနေ့အချိန်တွင် ကျင့်သုံးမှုရှားပါးနေပြီဟု မာလာဝီနိုင်ငံသား အများအပြားကဆိုသော ယင်းဓလေ့သည် ဇနီးကောင်းဖြစ်လာစေရန် မိန်းကလေးငယ်များအား လေ့ကျင့်ပေးရန်နှင့် ၎င်းတို့၏ မိသားစုဝင်များအပေါ် ရောဂါများသို့မဟုတ် ကံဆိုးမှုများ မကျရောက်စေရန်အတွက်လည်း လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။ ဘီဘီစီ၏ ယင်းမှတ်တမ်း ဗီဒီယိုအား နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် အာနီဘာအားဖမ်းရန် သမ္မတမူတာရီကာက ပြီးခဲ့သောဇူလိုင်တွင် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ယင်းအမှုသည် လက်တွေ့တွင် ပကတိအရှိတရားကို ပြသနေပြီး ဥပဒေက လမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့သောကြောင့် တိုးတက်မှုတစ်ရပ်ဖြစ်ကြောင်း ကျား၊ မ တန်းတူရေးနှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချားမက်ဇင်ဂါက ဆိုခဲ့သည်။                                     

Most Read

Most Recent