ကလင်တန်ကို တရားစွဲမည်ဟု ခြိမ်းခြောက်မှုအား ထရန့်က ပြန်လည်ရုပ်သိမ်း

ကလင်တန်ကို တရားစွဲမည်ဟု ခြိမ်းခြောက်မှုအား ထရန့်က ပြန်လည်ရုပ်သိမ်း
Published 23 November 2016
Ref:AFP

အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသော ထရန့်သည် နိုင်ငံရေးပြိုင်ဘက် ဟီလာရီကလင်တန်အား တရားစွဲမည်ဟု ခြိမ်းခြောက်ထားမှုကို နိုဝင်ဘာ ၂၂ ရက်တွင် ပြန်လည်ရုပ်သိမ်းခဲ့ပြီး ထိုသို့ဆောင်ရွက်ပါက နိုင်ငံကို အလွန်သဘောထားကွဲစေမည်ဟု ပြောကြားခဲ့သည်။
နယူးယောက်တိုင်းမ် သတင်းစာနှင့် တွေ့ဆုံခဲ့သော ထရန့်သည် ရွေးကောက်ပွဲကာလအတွင်းက ကလင်တန်ကို ထောင်ကျစေရမည်ဟု ပြောကြားခဲ့မှုအား ပြန်လည်ရုပ်သိမ်းသွားခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။
“ကျွန်တော် ကလင်တန်တို့ကို မထိခိုက်စေလိုပါဘူး။ တကယ်ကို မထိခိုက်စေချင်ပါဘူး” ဟု ထရန့်က ပြောကြားခဲ့ကြောင်း နယူးယောက်တိုင်းမ်က ကိုးကားဖော်ပြခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်စဉ် ဟီလာရီကလင်တန်က ကိုယ်ပိုင်အီးမေးလ်ဆာဗာ အသုံးပြုခဲ့မှုအတွက် FBI က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် တရားရေးဌာနက ကလင်တန်ကို စွဲချက်မတင်ရန် ထောက်ခံခဲ့သည်။ သို့သော်လည်း သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွင် ထရန့်က ကလင်တန်ကို ယင်းအချက်ဖြင့် ထိုးနှက်ခဲ့သည်။
ထရန့်က သူသာသမ္မတဖြစ်လာလျှင် ကလင်တန်ကို ထောင်ကျစေရမည်ဟု ပြောကြားမဲဆွယ်ခဲ့မှုကြောင့် အံ့သြတုန်လှုပ်ခဲ့ကြရပြီး ရှုတ်ချမှုများလည်း ကျယ်ပြန့်စွာ ပေါ်ပေါက်ခဲ့သည်။ ယခုအခါ ထရန့်က ထိုဝန်ခံကတိကို ထောက်ခံခဲ့သူများအား တဖန်ပြန်၍ တုန်လှုပ်စေခဲ့ပြီဖြစ်သည်။ ထရန့်သည် ကတိကိုချိုးဖျက်ခဲ့ကြောင်း လက်ယာစွန်းရောက် သတင်းဝက်ဘ်ဆိုက် Breitbart က စွပ်စွဲခဲ့ပြီး ရီပက်ဘလီကင်များ၊ မကျေမချမ်းဖြစ်နေသော လူလတ်တန်းစားများနှင့် လက်ယာအစွန်းတို့ကြားတွင် ထရန့်နှင့် သဘောထားကွဲလွဲမှု ပထမဆုံးပေါ်ပေါက်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။
ကလင်တန်အား တရားမစွဲဟု ပြောကြားခဲ့ခြင်းကြောင့် သူ၏ထောက်ခံသူများက စိတ်ပျက်မည်မဟုတ်ဟု ထင်မြင်ယူဆကြောင်း ထရန့်က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲမတိုင်မီ နှစ်ပတ်ခန့်အလိုတွင် FBI ဒါရိုက်တာဂျိမ်းစ်ကိုမေက ကလင်တန်၏ ကိုယ်ပိုင်အီးမေးလ်ဆာဗာ အသုံးပြုမှုအတွက် ထပ်မံစုံစမ်းစစ်ဆေးရန် တောင်းဆိုမှုပေါ်ထွက်ခဲ့ခြင်းက ကလင်တန်၏ ရှုံးနိမ့်မှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်။
ထိုနောက် ရွေးကောက်ပွဲမတိုင်မီ သုံးရက်အလိုတွင် ကိုမေက ဒုတိယမြောက်စာပေးပို့ခဲ့ပြီး FBI သည် ကလင်တန်ကို တရားမစွဲရန် ဇူလိုင်လက ဆုံးဖြတ်ချက်ချထားမှုကို ဆက်လက်ထိန်းသိမ်းမည်ဟု ဖော်ပြခဲ့သည်။                                             

Most Read

Most Recent