ကိုလံဘီယာငြိမ်းချမ်းရေး သဘောတူညီချက်သစ်အား နိုဝင်ဘာ ၂၄ ရက်တွင် လက်မှတ်ထိုးမည်

ကိုလံဘီယာငြိမ်းချမ်းရေး သဘောတူညီချက်သစ်အား နိုဝင်ဘာ ၂၄ ရက်တွင် လက်မှတ်ထိုးမည်
Published 23 November 2016
Ref:AFP

ရာစုနှစ်ထက်ဝက်ခန့် ကြာမြင့်ခဲ့သော ပြည်တွင်းစစ်ပဋိပက္ခအား အဆုံးသတ်နိုင်ရန်အတွက် ရည်ရွယ်သည့် ကိုလံဘီယာအစိုးရနှင့် FARC ပြောက်ကျား သူပုန်အဖွဲ့အကြား ရရှိခဲ့သော ယခင်သဘောတူညီချက်သည် ပြည်သူ့ဆန္ဒခံယူပွဲတွင် အံ့အားသင့်ဖွယ် ပယ်ချခံခဲ့ရပြီးနောက် ၎င်းတို့အကြား ထပ်မံရရှိခဲ့သော သဘောတူညီချက်သစ်အား နိုဝင်ဘာ ၂၄ ရက်တွင် လက်မှတ်ထိုးမည်ဖြစ်ကြောင်း နှစ်ဘက်စလုံးက ထုတ်ပြန်ခဲ့သည်။ သို့သော် ယင်းသဘောတူညီချက်သစ်အား ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပမည်မဟုတ်ဘဲ ကွန်ဂရက်သို့တင်သွင်းပြီး အတည်ပြုချက် ရယူမည်ဖြစ်ကြောင်း ၎င်းတို့ကဆိုခဲ့သည်။
ယင်းသဘောတူညီချက်သစ်အား နိုဝင်ဘာ ၁၂ ရက်တွင် ကြေညာခဲ့ပြီး မြို့တော်ဘိုဂိုတာရှိ Colon Theater ၌ နိုဝင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၆၀၀ နာရီ) ၌ လက်မှတ်ထိုးမည်ဖြစ်ကြောင်း သိရသည်။ ယင်းသဘောတူညီချက်သစ်အား အသေးစိတ် ဆွေးနွေးပြီး အတည်ပြုရန်အတွက် နိုဝင်ဘာ ၂၃ ရက်တွင် ကွန်ဂရက်သို့ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
ဥပဒေပြုလွှတ်တော်တွင် သမ္မတဟွမ်မန်နျူရယ်ဆန်းတို့စ်၏ အစိုးရအဖွဲ့က အမတ်နေရာအများစု ရရှိထားသည်။ ယင်းသဘောတူညီချက်သစ်သည် ပို၍ခိုင်မာ အားကောင်းပြီး နိုင်ငံရေးအတိုက်အခံများဘက်မှ တောင်းဆိုထားသော အချက်များအား ပြင်ဆင်ပေးထားကြောင်း ဆန်းတို့စ်က အခိုင်အမာပြောကြားခဲ့သည်။
သို့သော် ၎င်း၏အဓိကပြိုင်ဘက်ဖြစ်သော သမ္မတဟောင်းအယ်ဗာရိုအူရီဘေးက ယင်းသဘောတူညီချက်သစ်အား ပယ်ချထားသည်။ ဥပမာအားဖြင့် FARC သူပုန်ခေါင်းဆောင်များသည် ၎င်း၏ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များအတွက် ထောင်ဒဏ်များ ကျခံနေရချိန်တွင် ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်ခွင့်မပြုသင့်ကြောင်း အူရီဘေးက ထောက်ပြခဲ့သည်။ အူရီဘေးက FARC သူပုန်အဖွဲ့နှင့် တွေ့ဆုံရန် ကမ်းလှမ်းခဲ့သည်။ သို့သော် အူရီဘေးသည် ငြိမ်းချမ်းရေးအတွက် ဆူးငြောင့်ခလုတ်ဖြစ်သည်ဟုဆိုကာ FARC က ယင်းကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။
ကိုလံဘီယာအစိုးရနှင့် FARC သူပုန်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ပြီးခဲ့သော သြဂုတ်နောက်ပိုင်းကတည်းက အာဏာသက်ဝင်နေခဲ့သော်လည်း ကျိုးပျက်နိုင်ကြောင်း နှစ်ဘက်စလုံးက သတိပေးခဲ့သည်။
ကိုလံဘီယာတွင် ကျေးလက်နေပြည်သူများအတွက် မြေယာအခွင့်အရေးများ ရရှိနိုင်ရေးအတွက် တောင်းဆိုနိုင်ရန် FARC အဖွဲ့အား ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ပြည်တွင်း ပဋိပက္ခစတင်ခဲ့ခြင်းဖြစ်သည်။ ယင်းပဋိပက္ခသည် လက်ဝဲနှင့် လက်ယာ လက်နက်ကိုင်အဖွဲ့များ၊ အစိုးရတပ်များနှင့် လူဆိုးဂိုဏ်းများပါ ပါဝင်လာသည်အထိ ကျယ်ပြန့်ခဲ့သည်။ ယင်းလက်နက်ကိုင် ပဋိပက္ခ အတွင်းလူပေါင်း ၂၆၀၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီး လူခုနစ်သန်း အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း အစိုးရကထုတ်ပြန်ခဲ့သည်။

Most Read

Most Recent