ကက်ရှ်မီးယားတွင် အိန္ဒိယက ဘတ်စ်ကားကို တိုက်ခိုက်မှုကြောင့် ကိုးဦး သေဆုံးခဲ့ဟု ပါကစ္စတန် ပြောကြား

ကက်ရှ်မီးယားတွင် အိန္ဒိယက ဘတ်စ်ကားကို တိုက်ခိုက်မှုကြောင့် ကိုးဦး သေဆုံးခဲ့ဟု ပါကစ္စတန် ပြောကြား
Published 23 November 2016
Ref:AFP

အငြင်းပွား ကက်ရှ်မီးယားတွင် အိန္ဒိယ၏ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုသည် ပါကစ္စတန်ပိုင် ဘတ်စ်ကားတစ်စီးအား ထိမှန်ခဲ့ပြီး ကိုးဦးထက်မနည်း သေဆုံး၍ ခုနစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ပါကစ္စတန် တာဝန်ရှိသူများက နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ပါကစ္စတန် တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စစ်သားသုံးဦး သေဆုံးခဲ့ကြောင်း အိန္ဒိယက ပြောကြားခဲ့ပြီး ဒဏ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဘတ်စ်ကား တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန် ထိန်းချုပ်ထားသော ကက်ရှ်မီးယားအခြမ်းရှိ နီလန်တောင်ကြားမှ နာဂဒါရွာတွင် ဘတ်စ်ကား တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုများ အဆက်မပြတ်ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်ခံရသည့် နေရာသို့ လူနာတင်ယာဉ်များ သွား၍မရဖြစ်နေကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူ ဆာဒါဝါဟိက ပြောကြားခဲ့သည်။
“အိန္ဒိယတပ်ဖွဲ့ဝင်တွေက နီလန်တောင်ကြားက နယ်စပ်မျဉ်းအနီးမှာ အများပြည်သူသုံး ဘတ်စ်ကားတစ်စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်” ဟု ပါကစ္စတန်စစ်တပ်က  ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ကိုးဦးထက်မနည်း သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် - ကက်ရှ်မီးယား၏ ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌ ရှန်ဂူလန်ကာဒီယာက မူဇဖာရာဘတ်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အိန္ဒိယသည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်ဖြစ်ကြောင်း သူကပြောကြားခဲ့သည်။
ပါကစ္စတန်သည် စစ်သားများအား ကက်ရှ်မီးယားကို နယ်စပ်ပိုင်းခြားထားသည့် ထိန်းချုပ်မျဉ်း (LOc) သို့ ဖြတ်ကျော်စေလွှတ်ခဲ့ပြီး အိန္ဒိယစစ်သားသုံးဦးကို သတ်ဖြတ်ခဲ့ကြောင်း အိန္ဒိယစစ်တပ်က နိုဝင်ဘာ ၂၂ ရက်တွင် စွပ်စွဲခဲ့သည်။
သို့သော်လည်း ပါကစ္စတန်က ယင်းစွပ်စွဲချက်ကို ဒေါသတကြီးပယ်ချခဲ့ပြီး ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထိုစွပ်စွဲချက်သည် အခြေအမြစ်မရှိဘဲ လုပ်ကြံဖန်တီးမှုဖြစ်ကြောင်း Twitter တွင် ဆက်တိုက်ရေးသားခဲ့သည်။
အိန္ဒိယစစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရပြီး စစ်သား ၁၉ ဦး သေဆုံးမှုသည် ပါကစ္စတန် စစ်သွေးကြွတို့၏ လုပ်ရပ်ဖြစ်ကြောင်း အိန္ဒိယက ပြောကြားခဲ့ပြီးနောက် စက်တင်ဘာမှစ၍ အငြင်းပွား ကက်ရှ်မီးယားတွင် တင်းမာမှုများ မြင့်တက်နေခဲ့သည်။
နယ်စပ်ကိုဖြတ်ကျော်၍ တိကျသော ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆောင်ရွက်ခြင်းဖြင့် တုံ့ပြန်ခဲ့ကြောင်း အိန္ဒိယကပြောကြားခဲ့ပြီး ပါကစ္စတန်က ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးမရှိခဲ့ကြောင်း ဒေါသတကြီး ငြင်းဆိုခဲ့သည်။
ထိုနောက်ပိုင်းမှစပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။ နှစ်ဘက်စလုံးက သေဆုံးမှုနှင့် အရပ်သားများ ဒဏ်ရာရမှုများကို သတင်းများ ထုတ်ပြန်ခဲ့ကြသည်။
၁၉၄၇ ခုနှစ် ဗြိတိန်ကိုလိုနီအုပ်ချုပ်မှု နိဂုံးချုပ်ခဲ့ပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်ကြားတွင် နှစ်ခြမ်းကွဲသွားခဲ့သော ကက်ရှ်မီးယားကို နှစ်ဘက်စလုံးက အပြည့်အဝပိုင်ဆိုင်ကြောင်း ပြောကြားထားကြသည်။

Most Read

Most Recent