ခမာနီခေါင်းဆောင်များအပေါ် ချမှတ်ထားသည့် ထောင်ဒဏ်တစ်သက်ကို တရားရုံးက အတည်ပြု

ခမာနီခေါင်းဆောင်များအပေါ် ချမှတ်ထားသည့် ထောင်ဒဏ်တစ်သက်ကို တရားရုံးက အတည်ပြု
Published 23 November 2016
Ref:AFP

ထိပ်တန်းခမာနီခေါင်းဆောင် နှစ်ဦးကို လူသားချင်း စာနာထောက်ထားမှုအား ဆန့်ကျင်သည့်အမှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ထားခြင်းကို ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသည့် ကမ္ဘောဒီးယား တရားရုံးက နိုဝင်ဘာ ၂၃ ရက်တွင် အတည်ပြုပေးခဲ့သည်။
နံပါတ်နှစ် အစ်ကိုကြီးဟု လူသိများကြသည့် အသက် ၉၀ အရွယ် နွန်ချီယာနှင့် အသက် ၈၅ နှစ်အရွယ် နိုင်ငံခေါင်းဆောင်ဟောင်း ခီယူဆမ်ဖန်တို့ကို ၂၀၁၄ ခုနှစ်က ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့ကြောင့် ထိုနှစ်ဦးသည် ၁၉၇၅ - ၁၉၇၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားပြည်သူ နှစ်သန်းကျော် သေဆုံးခဲ့ရမှုအတွက် တာဝန်ရှိသည့် ခမာနီအစိုးရအဖွဲ့မှ ပထမဆုံးထောင်ဒဏ် ကျခံရမည်သူများ ဖြစ်လာမည်ဖြစ်သည်။ သို့သော် တရားရုံး၌ အမှားများရှိခဲ့ကြောင်း၊ တရားသူကြီးများ ကိုယ်တိုင်က ခမာနီလက်ထက်အတွင်း ထိခိုက်ခံစားခဲ့ရသည့် အတွေ့အကြုံများ ရှိခဲ့သဖြင့် ဘက်လိုက်မှုများ ရှိနေကြောင်းဆိုကာ ထိုခမာနီခေါင်းဆောင် နှစ်ဦးက အယူခံဝင်ခဲ့သည်။ ထို့ကြောင့် ကာလရှည်ကြာစွာ ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ခုံရုံးအဖွဲ့က ခမာနီခေါင်းဆောင် နှစ်ဦး၏ အပြစ်များနှင့် ထောင်ဒဏ်များကို ပြန်လည် အတည်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ပထမဆုံးကြားနာ စစ်ဆေးမှုအတွင်းက တရားရေးဆိုင်ရာ မှားယွင်းမှုအချို့ ရှိခဲ့ကြောင်းကိုမူ ဝန်ခံခဲ့သည်။
တရားရုံးချုပ်၏ ထိပ်တန်းတရားသူကြီး ကောင်စရမ်က ယင်းနှစ်ဦးသည် ကမ္ဘောဒီးယားပြည်သူများ၏ ကံကြမ္မာကို လုံးဝထည့်သွင်း စဉ်းစားပေးခြင်းမရှိဘဲ ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုအတိုင်းအတာမှာ အလွန်တရာကြီးမားသဖြင့် ယင်းတို့နှစ်ဦးအပေါ် ထောင်ဒဏ်တစ်သက် ချမှတ်ခြင်းသည် သင့်တော်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် နွန်ချီယာနှင့် ခီယူဆမ်ဖန်တို့သည် နိုင်ငံထဲရှိ လူနည်းစု ဗီယက်နမ်နှင့် မွတ်စလင်များအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အတင်းအကျပ် လက်ထပ်ထိမ်းမြားစေမှု၊ မုဒိမ်းမှုများ ကျူးလွန်ခဲ့မှု ပြုခဲ့သည်ဟု စွပ်စွဲချက်များအတွက် ဒုတိယမြောက် ကြားနာစစ်ဆေးမှုနှင့်လည်း ရင်ဆိုင်နေရသည်။ ပိုပေါ့ဟုခေါ်သော နံပါတ်တစ် အစ်ကိုကြီးအပါအဝင် အခြားသော ခမာနီခေါင်းဆောင် အများအပြားမှာမူ တရားစီရင်ခြင်း မခံရမီမှာပင် ကွယ်လွန်သွားကြပြီဖြစ်သည်။                                
 

Most Read

Most Recent