အငြင်းပွားသောင်ခုံတွင် ငါးဖမ်းမှုတားမြစ်ခဲ့သည့် သမ္မတဒူတာတေး၏ ဆုံးဖြတ်ချက်ကို ဖိလစ်ပိုင် ငါးဖမ်းသမားများ ဝေဖန်

အငြင်းပွားသောင်ခုံတွင် ငါးဖမ်းမှုတားမြစ်ခဲ့သည့် သမ္မတဒူတာတေး၏ ဆုံးဖြတ်ချက်ကို ဖိလစ်ပိုင် ငါးဖမ်းသမားများ ဝေဖန်
Published 23 November 2016
Ref:AFP

တောင်တရုတ်ပင်လယ် အတွင်းရှိ ငါးသယံဇာတပေါများသော အငြင်းပွားနေရာဖြစ်သည့် စကာဘိုရိုသောင်ခုံတွင် ငါးဖမ်းမှုတားမြစ်ခဲ့သော သမ္မတရိုဒရီဂိုဒူတာတေး၏  ဆုံးဖြတ်ချက်ကို ဖိလစ်ပိုင် ငါးဖမ်းသမားများက နိုဝင်ဘာ ၂၃ တွင် ဝေဖန်ခဲ့ကြသည်။
တရုတ်က ထိန်းချုပ်ထားသော အငြင်းပွား ရေပိုင်နက်အတွက် ဆက်ဆံရေးတင်းမာမှုကို လျှော့ချရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဒူတာတေးက စကာဘိုရိုသောင်ခုံတွင် ငါးဖမ်းမှု တားမြစ်ကြောင်း ကြေညာခဲ့သည်ဟု ဒူတာတေး၏ လက်ထောက်များက ပြောကြားခဲ့သည်။ ပီရူးတွင်ပြီးခဲ့သည့် သီတင်းပတ်ကုန်က အေပက်ထိပ်သီး ဘေးဆွယ်အစည်းအဝေး၌ တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ဆွေးနွေးခဲ့ပြီးနောက် ဒူတာတေးက ငါးဖမ်းမှုတားမြစ်ချက်ကို တစ်ဖက်သတ် ကြေညာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယင်းအစီအစဉ်ကို ရှီကျင်ပင်းက ထောက်ခံခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရပေ။
တရုတ်နှင့်ဖိလစ်ပိုင်နှစ်ဖက်စလုံးက စကာဘိုရိုသောင်ခုံကို ၎င်းတို့၏ ပိုင်နက်အဖြစ် သတ်မှတ်ထားကြသည်။ ဖိလစ်ပိုင်ရေတပ်နှင့် တင်းမာမှုဖြစ်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ဖိလစ်ပိုင်၏ ကျွန်းမကြီးလူဇွန်မှ မိုင် ၁၄၀ အကွာတွင်ရှိသော ယင်းသောင်ခုံကို တရုတ်က ထိန်းချုပ်ခဲ့သည်။ ယင်းထိန်းချုပ်မှုပြီးနောက် တရုတ်ကသောင်ခုံတွင် ဖိလစ်ပိုင် ငါးဖမ်းသမားများအား ငါးဖမ်းခွင့်တားမြစ်ခဲ့သည်။ ဒူတာတေးက တရုတ်သို့ သွားရောက်ခဲ့ပြီးနောက် ပြီးခဲ့သည့်လတွင် စကာဘိုရို၌ ငါးဖမ်းမှုတားမြစ်ထားခြင်းကို တရုတ်ကလျှော့ချပေးခဲ့ပြီး သောင်ခုံအပြင်ဘက်တွင် ဖိလစ်ပိုင်တို့အား ငါးဖမ်းခွင့်ပြုခဲ့သည်။
ဖိလစ်ပိုင်သည် စကာဘိုရိုကို ဝင်ထွက်သွားလာခွင့် ထပ်မံဆုံးရှုံးနိုင်သောကြောင့် ဒူတာတေး၏ ကြေညာချက်သည် တရုတ်ကို အလေးသာစေကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူ ဂျေဘာတွန်ကဘာကားက ပြောကြားခဲ့သည်။ ဖိလစ်ပိုင် ငါးဖမ်းသမားများကလည်း ဒူတာတေး၏ အစီအစဉ်သည် ၎င်းတို့၏ အသက်မွေးမှုကို ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒူတာတေး၏ အရင်သမ္မတဖြစ်သော ဘီနစ်နိုအကွီနိုက လွန်ခဲ့သော သုံးနှစ်တွင် စကာဘိုရိုသောင်ခုံ အငြင်းပွားမှုအား အပြည်ပြည်ဆိုင်ရာခုံရုံးသို့ တိုင်ကြားခဲ့ပြီးနောက် ဇူလိုင်လတွင် ကုလသမဂ္ဂက ကျောထောက် နောက်ခံပြုထားသည့် ယင်းခုံရုံးက စကာဘိုရိုသည် ပတ်ဝန်းကျင်ရှိ နိုင်ငံများအတွက် ဘုံငါးဖမ်းကွက်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့ပြင် တောင်တရုတ်ပင်လယ် အတွင်းရှိ နေရာအများစုကို တရုတ်ကပိုင်ဆိုင်ကြောင်း ပြောကြားမှုသည် တရားဥပဒေအရ အကျုံးဝင်ကြောင်းလည်း ခုံရုံးက အဆုံးအဖြတ်ပေးခဲ့သည်။ သို့သော်လည်း ဒူတာတေးက သမ္မတဖြစ်လာခဲ့ပြီးနောက် အစဉ်အလာ မဟာမိတ်အမေရိကန်ကို ကျောခိုင်းခဲ့ပြီး တရုတ်နှင့် ဆက်ဆံရေးပြေလည်စေရန် ကြိုးပမ်းလာခဲ့သည်။                             

Most Read

Most Recent