ယခုနှစ်ကုန်၌ တရုတ်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးလိပ်သောက်သုံးမှုကို ထိန်းချုပ်မည်

ယခုနှစ်ကုန်၌ တရုတ်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးလိပ်သောက်သုံးမှုကို ထိန်းချုပ်မည်
ဧပြီ ၂၉ ရက်က ပေကျင်းရှိ လမ်းတစ်လမ်းတွင် ဆေးလိပ်သောက်ရင်း နားနေကြသူများ (Photo: AFP)
ဧပြီ ၂၉ ရက်က ပေကျင်းရှိ လမ်းတစ်လမ်းတွင် ဆေးလိပ်သောက်ရင်း နားနေကြသူများ (Photo: AFP)
Published 22 November 2016

ကမ္ဘာ့အကြီးဆုံး စီးကရက် ထုတ်လုပ်သူနှင့် သောက်သုံးသူ ဈေးကွက်ကြီး ဖြစ်သော တရုတ်နိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရေး စည်းမျဉ်းများအား ယခုနှစ်ကုန်၌ စတင် ပြဋ္ဌာန်းရန် ရည်ရွယ်ထားသည်ဟု အာဏာပိုင်များက နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ အာရှအင်အားကြီးနိုင်ငံ တရုတ်၌ အရွယ်ရောက်ပြီးသူ ၂၈ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်သုံးကြပြီး အမျိုးသား ထက်ဝက်ခန့်မှာ စီးကရက် ပုံမှန်သောက်သုံးသူများ ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ အချက်အလက်များတွင် တရုတ်၌ ဆေးရွက်ကြီးနှင့် ဆက်နွှယ်သည့် ရောဂါများကြောင့် နှစ်စဉ်သေဆုံးသူ တစ်သန်းခန့် ရှိပြီး တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မိသောကြောင့် သေဆုံးရသူမှာ နှစ်စဉ် တစ်သိန်းခန့် ရှိသည်ဟု ဖော်ပြခဲ့သည်။
၂၀၁၅ ခုနှစ် ဇွန်လတွင် တရုတ်နိုင်ငံ၌ အတင်းကျပ်ဆုံး ဆေးလိပ်ဆန့်ကျင်ရေး ဥပဒေကို မြို့တော် ပေကျင်း၌ ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေအရ ရုံးများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ ဆေးရုံများ၌ ဆေးလိပ်သောက်သုံးမှုကို တားမြစ်ထားသည်။ တားမြစ်ချက်ကို ဖောက်ဖျက်သူသည် ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၅၀) နှင့်အထက် ဒဏ်ငွေပေးဆောင်ရမည် ဖြစ်သည်။
နိုင်ငံ၏ ကုန်သွယ်ရေး ဗဟိုချက် ရှန်ဟိုင်းတွင်လည်း အဆောက်အအုံများ အတွင်း၊ ဘတ်စ်ကားဂိတ်၊ ကျောင်း၊ အားကစားရုံ အစရှိသည့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ ဆေးလိပ်သောက်သုံးမှုအား တားမြစ်ရန် ဆေးရွက်ကြီးနှင့် ပတ်သက်သော စည်းမျဉ်းများကို ပြီးခဲ့သည့် သီတင်းပတ်ကပင် ပြုပြင်ခဲ့သည်။ ရှန်ဟိုင်းတွင် ပြုလုပ်ခဲ့သည့် WHO ညီလာခံ တစ်ခု၌ အစိုးရ ကျန်းမာရေးဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် မော်ချွင်အန်က ယခု စည်းမျဉ်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ် သောက်သုံးမှုကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဥပဒေကြောင်းအရ ထိန်းချုပ်နိုင်ရေးကို လုပ်ဆောင်နေပါတယ်။ ယခုနှစ် အတွင်းမှာပဲ ပြဋ္ဌာန်းနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ သို့သော် အစိုးရပိုင် ဆေးရွက်ကြီး လုပ်ငန်းသည် ၂၀၁၅ ခုနှစ်တွင် အစိုးရထံ အခွန်နှင့် အမြတ်ငွေ စုစုပေါင်း ဒေါ်လာ ဘီလျံ ၁၆၀ ပေးဆောင်ခဲ့ပြီး ယမန် နှစ်ကထက် ရာခိုင်နှုန်း ၂၀ မြင့်မားနေသဖြင့် ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်ရေး စည်းမျဉ်းများကို ချမှတ်ရန် အစိုးရအတွက် ခက်ခဲနေမည် ဖြစ်သည်။
Ref: AFP

Most Read

Most Recent