သမ္မတသက်တမ်း ရှစ်နှစ်အလွန်တွင် အမေရိကန်သမ္မတ အိုဘားမားက ကမ္ဘာ့စင်မြင့်မှ နှုတ်ဆက်စကား ပြောကြား

သမ္မတသက်တမ်း ရှစ်နှစ်အလွန်တွင် အမေရိကန်သမ္မတ အိုဘားမားက ကမ္ဘာ့စင်မြင့်မှ နှုတ်ဆက်စကား ပြောကြား
Published 21 November 2016

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် သမ္မတအဖြစ် ၎င်း၏နောက်ဆုံး ပြည်ပခရီးစဉ်အဖြစ် ပီရူးနိုင်ငံသို့ သွားရောက်စဉ် နိုဝင်ဘာ ၂၀ ရက်တွင် ကမ္ဘာ့စင်မြင့်မှနေ၍ နှုတ်ဆက်စကား ပြောကြားခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် အမေရိကန်၏ ပထမဆုံး လူမည်းသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရစဉ်က နေ့စဉ်ငြီးငွေ့စရာကောင်းသော နိုင်ငံရေးကြောင့် ၎င်း၏ရွေးချယ်ခံရမှုအား မှေးမှိန်စေခဲ့လျှင်သော်မှ အိုဘားမားသည် ၎င်း၏သမိုင်းဝင် ရွေးချယ်ခံခဲ့ရမှုနှင့် သြဇာတိက္ကမ ကြီးမားမှုတို့ကြောင့် ကမ္ဘာ့စင်မြင့်တွင် အလွန်အမင်း ထင်ရှားသူတစ်ဦး ဖြစ်ခဲ့သည်။
အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရန့်အား ရာထူးလွဲှပေးရန် ပြင်ဆင်နေသည့် အိုဘားမားသည် ပီရူးနိုင်ငံ၊ လီမာမြို့တွင် ကျင်းပသော အေပက်ထိပ်သီးတွင် အမေရိကန် ပြည်သူများနှင့် ကမ္ဘာကြီးထံ နှုတ်ဆက်ခဲ့သည်။ ယင်းထိပ်သီး အပြီးတွင် ကမ္ဘာ့ခေါင်းဆောင် အများအပြားက အိုဘားမားအား နှုတ်ဆက်ခဲ့ကြသည်။
အိုဘားမား၏ ပြောကြားမှုများမှ အဓိကကျသော အချက်အချို့မှာ
ဂလိုဘယ်လိုက်ဇေးရှင်း
နယ်စပ်ကင်းမဲ့မှု မြင့်တက်လာနေသော ကမ္ဘာကြီးကြောင့် စီးပွားရေး စည်ပင်ဖွံ့ဖြိုးမှု၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတို့တွင် သမိုင်းဝင် တိုးတက်မှုများ ဆောင်ကြဉ်းနိုင်ခဲ့ကြောင်း အိုဘားမားက ပြောကြားခဲ့သော်လည်း ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အသာရသူများရော၊ ရှုံးနိမ့်ခဲ့သူများ ပါရှိခဲ့ကြောင်း ၎င်းက လက်ခံခဲ့သည်။ အလုပ်အကိုင်နှင့် အရင်းအနှီးများသည် နယ်စပ်ဖြတ်ကျော်နိုင်သည့်အချိန်၊ အလုပ်သမားများက မျိုးစုံသော ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ သို့မဟုတ် ချေးငှားနိုင်သော အရင်းအနှီးများ နည်းပါးသောအချိန်၊ ချမ်းသာသော ကော်ပိုရေးရှင်းများက မတူညီသော စည်းမျဉ်းများဖြင့် ကစားသော အချိန်တို့တွင် အထူးသဖြင့် အလုပ်သမားများနှင့် လူမှုအသိုင်းအဝိုင်းများသည် အထိနာဆုံး ဖြစ်လာနိုင်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။
“အဲဒါတွေက ကျွန်တော်တို့ရဲ့ မူဝါဒတွေကနေတစ်ဆင့် ဂယက်ရိုက်နိုင်တယ်။ ဒါကြောင့် ဒီကိစ္စဟာ လာမယ့်နှစ်တွေမှာ ကျွန်တော်တို့ရဲ့ နိုင်ငံတွေမှာ ရင်ဆိုင်ရမယ့် အကြီးမားဆုံး စိန်ခေါ်ချက်တွေထဲက တစ်ခုဖြစ်လာမယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ထားပါတယ်။ ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရဲ့ အကျိုးကျေးဇူးတွေကို မျှဝေခံစားနိုင်ဖို့အတွက် လုပ်ဆောင်ရပါမယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။
သမ္မတ ထရန့်
ထရန့်အား ဆန့်ကျင်ခဲ့သော အိုဘားမားက ယခုအခါ အမေရိကန်၏ မဟာမိတ်များအား ထရန့်နှင့်ပတ်သက်၍ အနာဂတ်အတွက် အာမခံချက်များ ပေးနိုင်ရန် ကြိုးစားနေရသည်။ မထီတရီနိုင်သော ဘီလျံနာထရန့်အား စိတ်ရှည်စွာ စောင့်ကြည့်ပေးရန် အိုဘားမားက ကမ္ဘာကြီးအား တိုက်တွန်းခဲ့သည်။ တစ်ချိန်တည်းမှာပင် အိုဘားမားက အာရှ-ပစိဖိတ် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်သည် ထရန့်၏ ဆန့်ကျင်မှု ရှိနေသော်လည်း အသက်ဝင်နေဦးမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် ရာထူးမှမထွက်ခွာမီ ယူကရိန်းပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် သဘောတူညီချက်ရရှိရန် လိုလားကြောင်း အိုဘားမားက ပြောကြားခဲ့သည်။
ဆီးရီးယား
ရက်စက်ကြမ်းကြုတ်သော ဆီးရီးယား ပြည်တွင်းစစ်သည် အိုဘားမား၏ သမ္မတ သက်တမ်း နှစ်ကြိမ်အတွင်း အခက်ခဲဆုံးနိုင်ငံ ခြားရေးမူဝါဒဆိုင်ရာ စိန်ခေါ်မှုဖြစ်ခဲ့သည်။ ဆီးရီးယားအား မကျူးကျော်ရန် ဆုံးဖြတ်ခဲ့မှု အတွက် အိုဘားမားက ကာကွယ်ပြောကြားခဲ့ပြီး ယင်းပြည်တွင်း စစ်ပွဲသည် လတ်တလောတွင် အဆုံးသတ်နိုင်မည်ဟု မမြင်မိကြောင်း သတိပေးခဲ့သည်။
သမ္မတအလွန် ဘဝ
ရာထူးမှ ထွက်ခွာခဲ့ပြီးနောက် ပထမဆုံး ဦးစားပေးလုပ်မည့် အရာမှာ (သမ္မတကတော်) မီရှဲနှင့် အပန်းဖြေခရီး ထွက်ရန် ဖြစ်ကြောင်း အိုဘားမားက ရှင်းရှင်းလင်းလင်း ပြောထားသည်။ အနားယူရန်၊ သမီးများအတွက် အချိန်ပေးရန်၊ စာရေးရန်နှင့် စဉ်းစားရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။           
Ref : AFP