ရွှေမျောမတိုက်ရန် တားမြစ်မှုကြောင့် ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာ NLD ရပ်ကျေးဥက္ကဋ္ဌ ဦးအုန်းလှ ရိုက်နှက်ခံရပြီး သေဆုံးကြောင်း သက်ဆိုင်ရာ မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။ ဖြစ်စဉ်မှာ ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာ NLD ရပ်ကျေးဥက္ကဋ္ဌ ဦးအုန်းလှသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက် ည ၁၀ နာရီခန့်တွင် သူ၏ ဇနီး ဒေါ်တင်ဌေးဦးနှင့်အတူ နေအိမ်တွင် အိပ်ပျော်နေစဉ် အိမ်ချင်းကပ်ရက် နေထိုင်သူ မောင်အေးသည် သံတုတ်ကိုင်ကာ အိမ်အပြင်သို့ ခေါ်သဖြင့် ထွက်တွေ့ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၅ ရက်က ရွှေမျောမတိုက်ရန် တားမြစ်ထားသည့်နေရာတွင် မောင်အေးက ဟွန်ဒါစက်ဖြင့် မျောတိုက်ရန် ပြုလုပ်နေသည်ကို ဦးအုန်းလှက တားမြစ်ခဲ့သည်ကို မကျေနပ်၍ သံတုတ်ဖြင့် ဦးအုန်းလှအား ရိုက်နှက်ရာမှ ဦးခေါင်းပေါက်ပြဲ၊ ဝဲနားစုတ်ပြဲ၊ ယာလက်ပြင် ဖူးရောင်ဒဏ်ရာ (စိုးရိမ်) ရရှိခဲ့ပြီး နန်တောဆေးရုံသို့ ပို့ဆောင်ခဲ့ရာ နိုဝင်ဘာ ၁၈ ရက် ညနေတွင် နန်တောဆေးရုံ၌ သေဆုံးသွားကြောင်း သိရသည်။“အိမ်နီးချင်း ဖြစ်ကြတာပါ။ မျောမတိုက်ဖို့ တားထားတဲ့နေရာကို မျောတိုက်နေလို့ မတိုက်ဖို့တားပြီး စက်တွေ ခဏသိမ်းထားတာကို မကျေနပ်လို့ ရိုက်တာလို့ သိရပါတယ်။ အရင်ကလည်း သူတို့အချင်းချင်း စကားများကြဖူးတယ်လို့ သိရပါတယ်။ပုဂ္ဂိုလ်ရေး မကျေနပ်လို့ ဖြစ်တာပါ။ ရိုက်တဲ့လူကတော့ ထွက်ပြေးသွားလို့ လိုက်ဖမ်းနေကြပါတယ်”ဟု နန်တောကျေးရွာနေ NLD ပါတီဝင် ဆရာဇော် က ပြောကြားသည်။ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မောင်အေးအား ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းနယ်မြေရဲစခန်းတွင် (ပ) ၈၈/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၄၅၂/၃၂၅ အရ အမှုဖွင့်ထားပြီး အမှုစစ် ရဲအုပ် ရဲမင်းစိုးက တရားခံဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
ရွှေမျောမတိုက်ရန် တားမြစ်မှုကြောင့် ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာ NLD ရပ်ကျေးဥက္ကဋ္ဌ ရိုက်နှက်ခံရပြီး သေဆုံး