လူငယ်ရေးရာ မူဝါဒအတွက် လူငယ်များ ရေးဆွဲအတည်ပြုသည့် မူကြမ်းများကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဖြတ်တောက်ခြင်းများ မပြုလုပ်ရန် လူငယ်ကိုယ်စားလှယ်များက အစိုးရအား တောင်းဆို

လူငယ်ရေးရာ မူဝါဒအတွက် လူငယ်များ ရေးဆွဲအတည်ပြုသည့် မူကြမ်းများကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဖြတ်တောက်ခြင်းများ မပြုလုပ်ရန် လူငယ်ကိုယ်စားလှယ်များက အစိုးရအား တောင်းဆို
Published 20 November 2016
ဝီရမိုးနေ

လူငယ်ရေးရာမူဝါဒအတွက် လူငယ်များ ရေးဆွဲအတည်ပြုသည့် မူကြမ်းများကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဖြတ်တောက်ခြင်းများ မပြုလုပ်ရန် လူငယ်ရေးရာမူဝါဒရေးဆွဲရေး ကော်မတီအနေဖြင့် အစိုးရအား တောင်းဆိုထားကြောင်း လူငယ်ရေးရာမူဝါဒရေးဆွဲရေး ဗဟိုကော်မတီဝင် ကိုသူရစိုးက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။လူငယ်ရေးရာမူဝါဒ ဖြစ်မြောက်ရေးအတွက် လူငယ်ရေးရာမူဝါဒဆိုင်ရာ တစ်နိုင်ငံလုံးအဆင့် လူငယ်တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး ထိုမှရလဒ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် နိုဝင်ဘာ ၁၈ ရက် က တွေ့ဆုံရှင်းလင်းစဉ် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။လူငယ်ရေးရာ မူဝါဒရေးဆွဲရေး ဗဟိုကော်မတီဝင် ကိုသူရစိုးက “မနေ့ကဆိုရင် ဗဟိုကော်မတီထဲမှာ လူငယ်ဦးရေ နည်းနေတဲ့ဟာတွေ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ အရမ်းများနေတဲ့ဟာတွေ လျှော့ချဖို့ဆိုတဲ့ဟာတွေ နောက်တစ်ခုက စိုးရိမ်ချက်ရှိတယ် မူကြမ်းလုပ်ငန်းကော်မတီ စစ်စစ်ကနေပြီးတော့ တင်လာမယ့်ဟာတွေ ဗဟိုအဆင့်ကနေ ပယ်ဖျက်သွားမလားဆိုတဲ့ စိုးရိမ်ချက်တွေ ကျွန်တော်တို့က မေးမြန်းတာလုပ်တယ်။ အဲဒီအပေါ်မှာတော့ ပြည်ထောင်စုဝန်ကြီးက ဒါမဖြစ်ဘူး။ သူ လုံးဝအာမခံတယ်ဆိုတဲ့ ဟာပေါ့ဗျာ။ လူငယ်တွေရဲ့အသံစစ်စစ် ဖြစ်ရမယ်ဆိုတဲ့ အဲဒီလို ကတိကဝတ်ပြုတာမျိုးတွေတော့ ရှိတယ်။ အဓိက ကတော့ ကျွန်တော်တို့ လူငယ်တွေရေးဆွဲနေတဲ့ ဖြစ်စဉ်တစ်ခုလုံးမှာ အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ နောက်ပြီးတော့ ဒီလူငယ်တွေရဲ့ ရေးဆွဲအတည်ပြုထားတဲ့ မူကြမ်းတွေအပေါ်မှာ ဖြတ်တောက်တဲ့ ဟာမျိုးတွေ လုံးဝပယ်ချလိုက်တဲ့ဟာမျိုးတွေ၊ ပယ်ဖျက်လိုက်တဲ့ဟာမျိုးတွေ သူ့အနေနဲ့နဲ့ လုံးဝမလုပ်ပါဘူးဆိုတဲ့ ကတိကဝတ် ပြုခဲ့တာမျိုးတွေတော့ ရှိတယ်။ နောက်ပြီးတော့ လူကယ်ပြန်ဝန်ကြီး လက်ရှိ ဗဟိုကော်မတီမှာ ဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်ယူထားတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ကတိကဝတ်အပေါ်မှာတော့ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ အပြည့်အ၀ ယုံကြည်ပေးနိုင်တယ်ဆိုတဲ့ ဟာမျိုးပေါ့”ဟု ပြောကြားသည်။လူငယ်ရေးရာမူဝါဒ ဖြစ်မြောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများအား ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြုလုပ်ကာ  ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ အားကစား၊ အလုပ်အကိုင်၊ စာပေယဉ်ကျေးမှုနှင့် အနုပညာ၊ နိုင်ငံသားကောင်း၊ ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေး၊ ကျား၊ မ ညီမျှမှု၊ သုတေသန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် ကဏ္ဍများမှ လူငယ်များ ရင်ဆိုင်နေရသည့် ပြဿနာများ၊ အခက်အခဲများနှင့် အဆိုပါ အခက်အခဲများကို ဖြေရှင်းရန် သဘောထားဆန္ဒများကို စစ်တမ်းကောက်ယူခဲ့သည်။နိုဝင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် လူငယ်ရေးရာမူဝါဒဆိုင်ရာ တစ်နိုင်ငံလုံးအဆင့် လူငယ်တွေ့ဆုံဆွေးနွေးပွဲတွင် လူငယ်ရေးရာမူဝါဒ၌ ပါဝင်သင့်သော အကြောင်းအရာများ၊ မူဝါဒအခြေခံမူများ၊ လူငယ်အသက် သတ်မှတ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေး ဗဟိုကော်မတီအတွက် လူငယ်ကိုယ်စားလှယ်နှစ်ဦး၊ လုပ်ငန်းကော်မတီအတွက် လူငယ်ကိုယ်စားလှယ် ၁၆ ဦး၊ မူကြမ်းရေးဆွဲရေးအဖွဲ့အတွက် လူငယ်ကိုယ်စားလှယ် ၂၉ ဦးတို့ကို ရွေးချယ်ခြင်း နှင့် ၎င်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။လူငယ်ရေးရာမူဝါဒ ရေးဆွဲရေးမူကြမ်း ကော်မတီဝင် ကိုဇော်ထွေးနိုင်က “သဘောတူညီချက်အနေနဲ့ကတော့ လက်ရှိပြည်နယ်နဲ့ တိုင်း အသီးသီးမှာရထားတဲ့ အချက်အလက်တွေအပေါ်မှာ ကတော့ ကျွန်တော်တို့ အတိုင်းအတာ တစ်ခုအထိတော့၊ သဘောတူညီချက် ရပါတယ်။ ဒါပေမဲ့ တချို့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ လိုအပ်ချက်တွေ ရှိနေကြတဲ့အတွက်ကြောင့် ပိုပြီးပြည့်စုံ ကောင်းမွန်တဲ့ အချက်အလက်တွေ ထွက်ရှိလာအောင် ဒီကယားပြည်နယ်နဲ့ ချင်းပြည်နယ်ကို စောင့်နေတဲ့ကာလမှာ ကြိုးစားကြမယ်ဆိုပြီးတော့ ပိုပြီးပြည့်စုံ ကောင်းမွန်အောင် လုပ်နေကြတာ”ဟု ပြောကြားသည်။   

Most Read

Most Recent