လက်ရှိတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ် မရှိသေးကြောင်း အစိုးရအဖွဲ့ကိုယ်စား ပြည်ထဲရေး ဒုတိယဝန်ကြီး လွှတ်တော်၌ ရှင်းလင်း

လက်ရှိတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ် မရှိသေးကြောင်း အစိုးရအဖွဲ့ကိုယ်စား ပြည်ထဲရေး ဒုတိယဝန်ကြီး လွှတ်တော်၌ ရှင်းလင်း
Published 18 November 2016

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ကျင်းပခဲ့ပြီးဖြစ်သဖြင့် လက်ရှိ၌ ကြိုဆိုသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ် မရှိသေးကြောင်း အစိုးရအဖွဲ့ကိုယ်စား ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။
ဗိုလ်ချုပ်အောင်စိုးက နေပြည်တော်တွင် နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၏ မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်က “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပခြင်းကို ကြိုဆိုသောအားဖြင့် အကျဉ်းသား၊ အကျဉ်းသူများကို နိုင်ငံတော်သမ္မတ တစ်ဦးတည်း သဘောဆန္ဒအလျောက် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ အရ နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ” တို့ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
ပြစ်ဒဏ်များ ချမှတ်ခြင်းခံရသည့် အကျဉ်းသားများအနက် နိုင်ငံတော်သမ္မတသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)နှင့် (ခ) တို့အရ အကျဉ်းသူ၊ အကျဉ်းသားများအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးပိုင်ခွင့်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းပြောကြားသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းချက်ထား၍ လည်းကောင်း သို့မဟုတ် စည်းကမ်းချက်မထား၍ လည်းကောင်း အကျဉ်းသူ၊ အကျဉ်းသားများ ကျခံလျက်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ကြောင်း ဗိုလ်ချုပ်အောင်စိုးက ဆက်လက် ပြောကြားသည်။
“သို့သော် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်မှာ စတင်ကျင်းပခဲ့ပြီး ဖြစ်ပါသဖြင့် ယခုအချိန်တွင် ကြိုဆိုသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ရှင်းလင်း တင်ပြအပ်ပါတယ်” ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

Most Read

Most Recent