နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးကို သတ်၍ အလောင်းစွန့်ပစ်မှုတွင် စွဲချက်တင်ခံရသည့် အမျိုးသားဘက်မှ တင်ပြမည့် သက်သေသုံးဦးအား ပယ်ဖျက်

နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးကို သတ်၍ အလောင်းစွန့်ပစ်မှုတွင် စွဲချက်တင်ခံရသည့် အမျိုးသားဘက်မှ တင်ပြမည့် သက်သေသုံးဦးအား ပယ်ဖျက်
Published 16 November 2016
ဝေလင်းအောင်

အင်းစိန်မြို့နယ်တွင်  မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးအား သတ်၍ အလောင်းစွန့်ပစ်ခဲ့သည့် ဖြစ်စဉ်မှ တရားစွဲခံထားရသည့် အမျိုးသားကို နိုဝင်ဘာ ၁၆ ရက်တွင် မြောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် စွဲချက်တင်ခံထားရသည့် သူထက်နိုင်ဘက်မှ တင်ပြသည့် သက်သေတစ်ဦးအား စစ်ဆေးခဲ့ပြီး လာမည့် ရုံးချိန်းတွင်အမှုနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက်တင်ပြမည်ဖြစ်ကြောင်း သိရသည်။“စွပ်စွဲခံရသူ ဘက်ကနေပြီး သက်သေ ခြောက်ဦး တင်ထားတယ်။ အဲဒီထဲကမှ သုံးဦးကို သူတို့ဘက်က ပယ်ဖျက်လိုက်တဲ့အတွက် လာမယ့်ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက် တင်ရမှာဖြစ်ပါတယ်”ဟု တရားလို၏ ရှေ့နေက ပြောကြားသည်။မြောက်ပိုင်းခရိုင်တရားရုံးက သူထက်နိုင်အား ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ထားပြီး အဆိုပါ စွဲချက်တင်ထားမှုနှင့် ပတ်သက်၍ မိသားစုဝင်များက ကျေနပ်မှုမရှိသဖြင့် ပုဒ်မ ၃၀၂ (၁) ဖြင့် စွဲ ချက်တင်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၂) မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ဥက္ကလာလမ်းမဘေး အမှတ် (၃၀၁၇) လေကြောင်းကာကွယ်ရေး တပ်ခြံစည်းရိုးအတွင်း နဖူးပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ယာချိုစောင်း သွေးခြေဥဒဏ်ရာ တစ်ချက်၊ လည်ပင်းညိုမည်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသော မိန်းကလေးအလောင်းကို တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးရာ သေဆုံးသူမှာ ထောက်ကြန့်နေ အသက် ၂၂ နှစ်ရှိ မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။စွပ်စွဲခံရသူမှာ ဇန်နဝါရီ ၂၆ ရက်က သေဆုံးသူ၏ နေအိမ်ရှိရာဘက်သို့ ထွက်လာခဲ့ကာ နေအိမ်အနီးအရောက်တွင် မ......ထံသို့ ဖုန်းဆက်၍ နေပြည်တော်မှ လက်ဆောင်ပစ္စည်း ထည့်ပေးလိုက်၍ လာယူရန် ပြောကြားခဲ့ကြောင်း၊ မ......က အပြင်သို့ ထွက်လာရာ ၎င်းက ကားဖြင့် ခေါ်ဆောင်သွားခဲ့ပြီး မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန် - ပြည်လမ်း၊ ရွှေညောင်ပင်မှတ်တိုင်အနီးရှိ လမ်းဘေးတွင် ကားအား ရပ်တန့်၍ စကားပြောကြစဉ် မ......က လာရောက်တောင်းရမ်းရန် ပြောဆိုကြောင်း၊ ၎င်းက သရုပ်ဆောင်သင်တန်း တက်ရမည်ဖြစ်၍ မယူနိုင်သေးဟု ပြောဆိုခဲ့ရာမှ စကားများ ရန်ဖြစ်ခဲ့ပြီး မ......က ၎င်း၏ပါးကို ရိုက်ခဲ့သဖြင့် ၎င်းက ဒေါသထွက်ကာ မ........၏ လည်ပင်းကို ၁၅ မိနစ်ခန့် ညှစ်ထားရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။လက်ရှိတွင် စွပ်စွဲခံရသူကမူ အဆိုပါဖြစ်စဉ်များအား ကျူးလွန်ခဲ့ခြင်းမရှိဟု တရားခွင်တွင် ငြင်းဆိုထားကြောင်း သိရပြီး လက်ရှိတွင် တရားခွင်တွင် စစ်ဆေးလျက် ရှိသည်။