အတည်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ကာလရှည် မြေငှားရမ်းခွင့် ရရှိရေး၊ စီးပွားရေး လုပ်ငန်းများကို အငြင်းပွားဖွယ် သိမ်းယူခြင်းမှ ကာကွယ်ပေးရေး အပါအဝင် အစိုးရသစ် လက်ထက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒ ထုတ်ပြန်

အတည်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ကာလရှည် မြေငှားရမ်းခွင့် ရရှိရေး၊ စီးပွားရေး လုပ်ငန်းများကို အငြင်းပွားဖွယ် သိမ်းယူခြင်းမှ ကာကွယ်ပေးရေး အပါအဝင် အစိုးရသစ် လက်ထက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒ ထုတ်ပြန်
Published 15 November 2016
နီလာ

အတည်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ကာလရှည် မြေငှားရမ်းခွင့် ရရှိရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် စီးပွားရေး လုပ်ငန်းများကို အငြင်းပွားဖွယ် သိမ်းယူခြင်းမှ ကာကွယ်ပေးရေး အပါအဝင် အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒကို နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်လိုက်သည်။အဆိုပါ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွင် အဓိက အချက် ခုနစ်ချက် ပါဝင်ပြီး တာဝန်ယူမှုရှိပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုမည်ဟု သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှု ရှိပြီး ရှင်းလင်းလွယ်ကူ၍ မြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်သော လုပ်ထုံးလုပ်နည်းများဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်မည်ဟု သိရသည်။မက်ခရို စီးပွားရေး တည်ငြိမ်မှု၊ တရားဥပဒေ စိုးမိုးမှု၊ အငြင်းပွားမှုများအတွက် ယုံကြည်ကိုးစားရသော ဖြေရှင်းရေး လုပ်ထုံးလုပ်နည်းများ၊ အခြေခံ စီးပွားရေး အဆောက်အအုံ ကောင်းမွန်စွာ လည်ပတ်ဆောင်ရွက်နိုင်မည့် ယုံကြည်စိတ်ချရသည့် ဘဏ္ဍာရေး စနစ်တို့ဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အပံ့ ဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အားလျော်စွာ နိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံခြားနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများအကြား ခွဲခြားဆက်ဆံမှု မရှိသော ကြိုတင်ခန့်မှန်း သိမြင်နိုင်သည့် ထိန်းကျောင်းကြပ်မတ်မှု ဝန်းကျင်တစ်ရပ်ကို ထူထောင်မည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများကို အငြင်းပွားဖွယ် သိမ်းယူခြင်းမှ ကာကွယ်ပေးမည်ဖြစ်ကြောင်း၊ အခွန်အကောက်များနှင့် အခြား ပေးဆောင်ရန် ရှိသည်များကို ပေးဆောင်ပြီးနောက် ရရှိသည့် အကျိုးအမြတ်များအပြင် ဥပဒေနှင့်အညီ ပေးချေရမည့် ကိစ္စများ ပြန်လည်လွှဲပြောင်းခွင့်များကို ကာကွယ်ပေးမည် ဖြစ်ကြောင်းနှင့် အတည်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ကာလရှည် မြေငှားခွင့် ရရှိရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု မူဝါဒတွင် ဖော်ပြထားသည်။ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ပတ်ဝန်းကျင်နှင့် သဘာ၀ အရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များ အပါအဝင် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျင့်ထုံးများကို ခွဲခြားမှု မရှိဘဲ တစ်ပြေးညီ အစဉ် လိုက်နာရမည်ဟုလည်း ဖော်ပြထားသည်။နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ နယ်ပယ်များနှင့် ဆက်နွှယ်သည့် အချို့သော စီးပွားရေး လုပ်ငန်းများကို နိုင်ငံခြားသားများအား လုပ်ဆောင်ခွင့်မပြု၊ အဆိုပါ ခွင့်ပြုနိုင်ခြင်း မရှိသည့် လုပ်ငန်းများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ထို့ပြင် အစိုးရသစ် လက်ထက်တွင် ကြိုဆိုအားပေးမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုလည်း ရင်းနှီးမြှုပ်နှံမှု မူဝါဒတွင် ဖော်ပြထားသည်။အဆိုပါ ရင်းနှီးမြှုပ်နှံမှု မူဝါဒသည် နိုင်ငံတော် အစိုးရ၏ စီးပွားရေး မူဝါဒ ၁၂ ရပ်ကို အထောက်အကူ ပြုစေမည် ဖြစ်ပါသည်ဟု ဖော်ပြထားသည်။