တိုက်ပွဲများသည် တွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ်အတွက် အခက်အခဲဖြစ်စေသည့် အကြောင်းတစ်ရပ်ဖြစ်၍ အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ဆွေးနွေးရာတွင် ညှိနှိုင်းနေဟု DPN အဖွဲ့ခေါင်းဆောင် ပြောကြား

တိုက်ပွဲများသည် တွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ်အတွက် အခက်အခဲဖြစ်စေသည့် အကြောင်းတစ်ရပ်ဖြစ်၍ အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ဆွေးနွေးရာတွင် ညှိနှိုင်းနေဟု DPN အဖွဲ့ခေါင်းဆောင် ပြောကြား
Published 11 November 2016
ဇာလီမြင့်ဦး

တိုက်ပွဲများသည် တွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ်အတွက် အခက်အခဲဖြစ်စေသည့် အကြောင်းတစ်ရပ် ဖြစ်သဖြင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် ဆွေးနွေးရာတွင် ညှိနှိုင်းမှု ဆောင်ရွက်နေဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူဦးရယ်က ပြောကြားသည်။
နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုအပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ခူဦးရယ်က “ဒီကိစ္စလည်းပဲ ကျွန်တော်တို့ ဒီအဆိုပြုချက် ရှစ်ချက်နဲ့ တိုက်ရိုက်နှီးနွှယ်တဲ့ကိစ္စ မဟုတ်သော်လည်းပဲ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ်အတွက်  အခက်အခဲဖြစ်စေတဲ့ အကြောင်းအရာတစ်ရပ်ဖြစ်တော့ ကျွန်တော်တို့  ဒီကိစ္စကိုလည်း တင်ပြဆွေးနွေး ဖြစ်ပါတယ်။ အဲဒီတော့ အစိုးရဘက်ကတော့ အထက်ကို တင်ပြပြီးတော့ လမ်းညွှန်မှုကို ခံယူဖို့ သဘောမျိုးလည်း ရှိပါတယ် ဆိုတာကိုတော့ ကျွန်တော်တို့ သိရပါတယ်။ အဲဒီတော့ ဒီနေ့ရှင်းရှင်းပြောရရင် ကျွန်တော်တို့ အောက်တိုဘာ ၁၅ ရက်ကလည်း တင်ပြထားပြီးတဲ့ကိစ္စပါ။ အဲဒီတော့ ဒီနေ့လည်း ကျွန်တော်တို့ ထပ်လောင်း တင်ပြထားပါတယ်။ အဲဒီတော့ အထက်က လမ်းညွှန်မှု မရှိသေးဘူးဆိုတဲ့ သဘောကိုပဲ ကျွန်တော်တို့ အဖြေရပါတယ်။ ဆိုတော့ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်မှု မဆောင်ရွက်ဘူးလားလို့ မေးရင်တော့ ရှိပါတယ်။ ကျွန်တော်တို့ ဘာပဲပြောပြော ထဲထဲဝင်ဝင် ပြောဆိုနေကြတယ်။ ညှိနှိုင်းဆောင်ရွက် နေကြပါတယ်” ဟု ပြောကြားသည်။
စက်တင်ဘာ လဆန်းပိုင်းက ပြုလုပ်ပြီးစီးခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ နောက်ပိုင်းတွင် အောက်တိုဘာ လဆန်းပိုင်းကလည်း ရှမ်းပြည်နယ် တောင်ပိုင်းတွင် တပ်မတော်နှင့် NCA လက်မှတ် ရေးထိုးထားပြီးဖြစ်သည့် RCSS လက်နက်ကိုင် အဖွဲ့တို့အကြား ထိတွေ့တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း နှစ်ဖက်အဖွဲ့အစည်းများက တရားဝင် ထုတ်ဖော်ပြောကြား ခဲ့ကြသည်။ ထို့ပြင် တပ်မတော်နှင့် ကေအိုင်အေတို့မှာ သြဂုတ်လမှ စတင်၍ ကချင်ပြည်နယ်အတွင်း ဝိုင်းမော်မြို့နယ်၊ ဆမားဒေသနှင့် အခြားနေရာအချို့တွင် ပစ်ခတ်မှုများ၊ စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သိရသည်။
“အချိန်လေးတော့ လိုအပ်ပါတယ်။ ခုနက အချိန်လိုတယ်လို့ ကျွန်တော်ပြောတာကတော့ ဖြစ်စဉ်တစ်ခုအတွက် ဆောင်ရွက်တိုင်း၊ ဆောင်ရွက်တိုင်းမှာ ပြင်ဆင်မှုဟာ အရေးကြီးပါတယ်။ အဲဒီပြင်ဆင်မှုအတွက်ကိုပဲ ကျွန်တော်တို့ ပြောခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ အခြေအနေတွေရှိပါတယ်။ NCA ထိုးလိုက်ပါ။ ထိုးပြီးမှပဲ ကျန်တဲ့ကိစ္စက ပြေလည်မယ် ဆိုတာက ဒါယေဘုယျသဘောကို ပြောတာပါ။ ရှင်းရှင်းပြောရရင် ဒီ NCA ထိုးနိုင်ဖို့အတွက် အခက်အခဲဖြစ်စေတဲ့ အကြောင်းအရာတွေ၊ မြေပြင်က အခြေအနေတွေက ပိုပြီးတော့ အခရာကျတယ်လို့ ကျွန်တော်ထင်တယ်။ ဒီကိစ္စရပ်တွေကို မကိုင်တွယ် မဖြေရှင်းဘဲနဲ့ကတော့ ကျွန်တော်တို့ တစ်ချက်တည်း NCA ထိုးလိုက်ရုံနဲ့ နောက်မှ ဖြေရှင်းမယ် ဆိုတဲ့ဟာက လက်တွေ့ကျ၊ မကျဒါကိုတော့ ကျွန်တော်တို့ သဘောပေါက်ဖို့ လိုမယ်လို့ နားလည်ပါတယ်” ဟု ခူဦးရယ်က ဆက်လက်ပြောကြားသည်။
လက်ရှိတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အပါအဝင် အာမခံချက်ရှိပြီး အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အစိုးရသို့ အဆိုပြုထားသော အချက်ကိုးချက်ပါ အဆိုပြုမှုကို နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အား ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အတူတကွ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့အစည်းများသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ထောင်ရန်၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ် ဆုံးဖြတ်အတည်ပြုရာတွင် ပါဝင်ရန်နှင့် ၂၁ ရာစု ပင်လုံညီလာခံသို့ ပါဝင်တက်ရောက်ရန်တို့အတွက် အဆိုပါအချက်များကို သဘောတူညီကြသည်ဟု နိဒါန်းတွင် ဖော်ပြခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး ဦးလှမောင်ရွှေက “ကျွန်တော်တို့ဘက်က ဆိုရင်တော့ အခုဆွေးနွေးတယ်။ ဒီနေ့ တစ်ရက်တည်းနဲ့ ကျွန်တော်တို့ဘက်က ပြီးပြတ်အောင် ဆွေးနွေးနိုင်ဖို့ အောက်ခြေမှာ အလုပ်အဖွဲ့တွေမှာ လုပ်ဖို့အနည်းငယ်လိုတယ်။ အဲဒါတွေ ပြင်ဆင်ဖို့အတွက် အချိန်ကြားထဲမှာ အနည်းငယ်လိုတယ်” ဟု ပြောကြားသည်။
အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN ကိုယ်စားလှယ် အဖွဲ့ဝင်တို့သည် ယခုလအတွင်း ထပ်မံဆွေးနွေးသွားရန် ရှိကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက ပြောကြားသည်။                            

Most Read

Most Recent