အင်းဝအပ်ချုပ်ဆိုင် မိသားစုက အိမ်အကူ မိန်းကလေးငယ်များအား လုပ်ခလစာ နှစ်နှစ်စာ ပေးချေခြင်း မရှိသည့်အပြင် မိဘများနှင့် တွေ့ခွင့်မပေးသဖြင့် လိုက်လံ ဖြေရှင်းပေးခဲ့ရဟု တရားလိုပြသက်သေ ကျေးရွာအုပ်ချုပ်ရေးမှူး ထွက်ဆို

အင်းဝအပ်ချုပ်ဆိုင် မိသားစုက အိမ်အကူ မိန်းကလေးငယ်များအား လုပ်ခလစာ နှစ်နှစ်စာ ပေးချေခြင်း မရှိသည့်အပြင် မိဘများနှင့် တွေ့ခွင့်မပေးသဖြင့် လိုက်လံ ဖြေရှင်းပေးခဲ့ရဟု တရားလိုပြသက်သေ ကျေးရွာအုပ်ချုပ်ရေးမှူး ထွက်ဆို
Published 10 November 2016
ဉာဏ်ဝင်းရှိန်

အင်းဝအပ်ချုပ်ဆိုင် မိသားစုက အိမ်အကူမိန်းကလေးငယ်နှစ်ဦးအား လုပ်ခလစာ နှစ်နှစ်စာ ပေးချေခြင်း မရှိသည့်အပြင် မိဘများနှင့်လည်း တွေ့ဆုံခွင့် မပေးသည့်အတွက် ရန်ကုန်မြို့သို့ လိုက်လံ ဖြေရှင်းပေးခဲ့ရကြောင်း တရားလိုပြသက်သေ ကျေးရွာအုပ်ချုပ်ရေးမှူုးက နိုဝင်ဘာ ၁၀ ရက်တွင် တရားရုံး၌ ထွက်ဆိုခဲ့သည်။
 
ယင်းနေ့ရုံးချိန်းတွင် တရားလိုပြသက်သေဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူးက ၎င်းတာဝန် ယူခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူအဖြစ် အလုပ်လုပ်နေကြသည့် မစန်းကေခိုင်၊ မသဇင်နှင့် မတင်တင်ခိုင်တို့မှာ အလုပ်လုပ်သည့် သုံးနှစ်အတွင်း ပထမနှစ်အတွက်သာ လုပ်ခလစာ ရရှိခဲ့ပြီး ကျန်နှစ်နှစ်အတွက် လုပ်ခလစာ မရရှိသည်ကို ကျေးရွာအတွင်း ပြောဆိုနေသည်ကို ကြားသိရသဖြင့် ၎င်းကလေးများ၏ မိဘများကို ခေါ်ယူမေးမြန်းခဲ့ရာ ဟုတ်မှန်သည့်အတွက် ကျောက်တံတားမြို့နယ် အမှတ် ၉ ရက်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
 
ထိုသို့သွားရောက်ပြီး လုပ်ခလစာမရရှိမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် အင်းဝအပ်ချုပ်ဆိုင် မိသားစုသို့ ဆင့်ခေါ်သော်လည်း လာရောက်ခြင်း မရှိသည့်အတွက် ရွာသို့ပြန်သွားခဲ့ရကြောင်း၊ ရွာသို့ရောက်ပြီး သုံးလေးရက်ခန့်အကြာ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ရန်ကုန်သို့နောက်တစ်ခေါက် ထပ်လာခဲ့ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဒေါ်တင်သူဇာ၊ သီရိလတ်၊ စုမွန်လတ်၊ ရာဇာထွန်းတို့နှင့် အိမ်အကူမိန်းကလေးများဖြစ်သည့် မစန်းကေခိုင်၊ မတင်တင်ခိုင်၏ မိဘများနှင့် ညှိနှိုင်းဆွေးနွေးရာ ကျေလည်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
 
ထိုစဉ်က အိမ်အကူတစ်ဦးဖြစ်သူ မသဇင်မှာ လာရောက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ မတင်တင်ခိုင်အား ၎င်း၏ဖခင်ဖြစ်သူက ရွာသို့ပြန်လည် ခေါ်ဆောင်သွားခဲ့ကြောင်းနှင့် မသဇင်နှင့် မစန်းကေခိုင်တို့အား နောက်တစ်ပတ်အကြာတွင် ရွာသို့လိုက်ပို့မည်ဟု အင်းဝအပ်ချုပ်ဆိုင် မိသားစုကပြောသဖြင့် သဘောတူခဲ့ကြကြောင်း ထွက်ဆိုခဲ့သည်။
 
ထို့ပြင်၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း၌ အိမ်အကူ မိန်းကလေးငယ်နှစ်ဦးဖြစ်သည့် မစန်းကေခိုင်နှင့် မသဇင်တို့အား ၎င်းတို့၏ အုပ်ထိန်းသူများက သွားရောက်ခေါ်ဆောင်ခဲ့ကာ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း လုပ်ခလစာ မရရှိသည့်အပြင် ညှဉ်းပန်းနှိပ်စက်ခံရမှုများကြောင့် လူ့အခွင့်အရေးကော်မရှင်ရုံးတွင် အောက်တိုဘာ ၁၅ ရက်က မစန်းကေခိုင်အတွက် ကျပ်သိန်း ၄၀ မသဇင်အတွက် ကျပ် ၁၀ သိန်းကို လုပ်အားခ အပါအဝင် နစ်နာကြေးအဖြစ် အုပ်ထိန်းသူများအား အင်းဝမိသားစုက ပေးအပ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
 
မစန်းကေခိုင်၏ မိခင်ဖြစ်သူပြောပြချက်အရ မစန်းကေခိုင်တွင် ရရှိခဲ့သည့်ဒဏ်ရာများမှာ စုမွန်လတ်နှင့် ရာဇာထွန်းတို့က မီးခြစ် အပူပေးပြီး ကပ်ခြင်း၊ ဓားဖြင့်လှီးခြင်း၊ ကတ်ကြေးဖြင့် ထိုးခြင်း၊ လက်ချောင်းများကိုအပေါ်သို့ လှန်ကာ လိမ်ချိုးခြင်းများကြောင့် ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် စုမွန်လတ်မှာ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့ကာ ရုံးရှေ့တွင် စွပ်စွဲခံရသူများကို မှန်ကန်စွာ လက်ညှိုးညွှန် သက်သေပြ ထွက်ဆိုခဲ့သည်။
 
အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင် ခြောက်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၂၉/၃ ၂ တို့ဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး မျိုးသိန်းက တရားလိုပြုလုပ်ကာ အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။