ဂျပန်တွင် မြို့ပြကားလမ်း တစ်ခုပေါ်၌ ကြီးမားသည့် မြေကျွံမှုကြီး ဖြစ်ပေါ်

ဂျပန်တွင် မြို့ပြကားလမ်း တစ်ခုပေါ်၌ ကြီးမားသည့် မြေကျွံမှုကြီး ဖြစ်ပေါ်
Published 8 November 2016

ဂျပန်နိုင်ငံ တောင်ပိုင်းရှိ ဖူကူအိုကာမြို့လယ်တွင် နိုဝင်ဘာ ၈ ရက်က ပင်မ ဘူတာရုံ အနီးရှိ ငါးလမ်းသွား ကားလမ်းမပေါ်တွင် ကြီးမားသော မြေကျွံမှုကြီးတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖူကူအိုကာမြို့၏ လူစည်ကားသော စီးပွားရေးရပ်ကွက်တစ်ခု အတွင်း၌ မီတာ ၂၀ ခန့် (၆၆ ပေ) ကျယ်ဝန်းပြီး ၁၅ မီတာနက်သည့် တွင်းကြီးတစ်ခု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ နောက်ထပ် မြေကျွံမှုများ ထပ်မံ ဖြစ်ပေါ်လာမည်ကို ပြည်သူများက စိုးရိမ်နေကြကြောင်း သိရသည်။
ဗီဒီယို ရိုက်ကူးထားမှုထဲ၌ ဒေသစံတော်ချိန် နံနက် ၅ နာရီခန့် အချိန်တွင် ကားလမ်းပေါ်တွင် မြေကျွံမှုနှစ်ခု စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ထိုတွင်းကြီးနှစ်ခုသည် တဖြည်းဖြည်း ကြီးလာကာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခြင်းဖြစ်သည်။ မွန်းလွဲပိုင်း အချိန်တွင် ထိုတွင်းပေါက်ကြီးသည် တိုက်နှစ်ထပ်စာခန့်လောက် အနက် ရှိနေပြီ ဖြစ်ပြီး ကျိုးပဲ့သွားသော မိလ္လာနှင့် ရေဆိုးစွန့်ပစ်ပိုက်များကြောင့် တွင်းထဲတွင် ရေများ ပြည့်နေသည်ဟု သိရသည်။
ထိုကဲ့သို့ ရုတ်တရက် မြေကျွံမှုကြီး ဖြစ်ပွားခဲ့သည့်အတွက် လျှပ်စစ်မီးများ ပြတ်တောက်ခြင်း၊ ဓာတ်ငွေ့များ ယိုစိမ့်ထွက်လာခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
“ကျွန်တော် တွင်းကြီးကို စမြင်တော့ အပြင်မှာ နည်းနည်း မှောင်နေပါသေးတယ်။ ကြည့်နေရင်းမှာတင် တွင်းကြီးတွေဟာ ကြီးသထက် ကြီးထွားလာပါတယ်။ ကျွန်တော့် ရပ်နေတဲ့ နားက ဓာတ်တိုင်တစ်တိုင် တွင်းထဲကို ကျသွားချိန်မှာ ကျွန်တော် တော်တော် ကြောက်သွားပြီး အဲဒီနားက ထွက်လာတာပါပဲ” ဟု မျက်မြင်ကိုယ်တွေ့ လူငယ်တစ်ဦးက NHK ရုပ်သံဌာနသို့ ပြောကြားခဲ့သည်။
ရဲများသည် မြေကျွံမှု ဖြစ်ပွားရာ နေရာကို ကာရံလိုက်ပြီး အနီးအနားရှိ အဆောက်အအုံမှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။ သို့သော် ဒဏ်ရာရသူရှိသည့် သတင်းမထွက်သေးပေ။
ဖူကူအိုကာ သယ်ယူပို့ဆောင်ရေး ဌာန၏ ပြောကြားချက်အရ အနီးအနားတွင် မြေအောက်မီးရထားလမ်းတစ်ခု တိုးချဲ့ဆောက်လုပ်နေမှု တစ်ခုက ယခု မြေကျွံမှုကြီးနှင့် ဆက်နွှယ်နေနိုင်ဖွယ် ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
မြေကျွံမှု ဖြစ်ပွားရာ အနီးရှိ JR Hakata ဘူတာရုံသည် နိုင်ငံတစ်ဝန်း၌ ပြေးဆွဲနေသည့် အလွန်မြန်သော ကျည်ဆန်ရထားများ အပါအဝင် အဓိက ရထားလမ်းများဆုံရာ ဘူတာရုံတစ်ခု ဖြစ်သည်။ ဖူကူအိုကာ မြို့သည် ဂျပန်နိုင်ငံ၏ အဓိက ကျူရှူးကျွန်း၏ တောင်ပိုင်းစွန်းဒေသမှ အကြီးဆုံးမြို့ကြီး တစ်မြို့ဖြစ်သည်။
Ref: AFP

Most Read

Most Recent