ပါတီမူဝါဒ သတ်မှတ်ခြင်း အပါအဝင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီခေါင်းဆောင်ဟောင်းများ ဦးဆောင်မည့် ပါတီသစ် ထူထောင်နိုင်ရေး လုပ်ငန်းစဉ်များ ဒီဇင်ဘာတွင် စတင်မည်

ပါတီမူဝါဒ သတ်မှတ်ခြင်း အပါအဝင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီခေါင်းဆောင်ဟောင်းများ ဦးဆောင်မည့် ပါတီသစ် ထူထောင်နိုင်ရေး လုပ်ငန်းစဉ်များ ဒီဇင်ဘာတွင် စတင်မည်
ရခိုင်အမျိုးသားပါတီ၏ သဘောထားကြေညာချက်အမှတ် (၁/၂၀၁၆)နှင့် (၂/၂၀၁၆) တို့နှင့် ပတ်သက်၍ ALD ခေါင်းဆောင်ဟောင်းများက မတ် ၆ ရက်က ရန်ကုန်မြို့တွင် သတင်းစာ ရှင်းလင်းစဉ်
ရခိုင်အမျိုးသားပါတီ၏ သဘောထားကြေညာချက်အမှတ် (၁/၂၀၁၆)နှင့် (၂/၂၀၁၆) တို့နှင့် ပတ်သက်၍ ALD ခေါင်းဆောင်ဟောင်းများက မတ် ၆ ရက်က ရန်ကုန်မြို့တွင် သတင်းစာ ရှင်းလင်းစဉ်
Published 8 November 2016
ဇာလီမြင့်ဦး

ပါတီမူဝါဒ သတ်မှတ်ခြင်း အပါအဝင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ ခေါင်းဆောင်ဟောင်းများ ဦးဆောင်မည့် ပါတီသစ် ထူထောင်ရေး လုပ်ငန်းစဉ်များကို လာမည့် ဒီဇင်ဘာတွင် စတင်ရန်ရှိကြောင်း ALD ခေါင်းဆောင်ဟောင်း ဦးမျိုးကျော်က ပြောကြားသည်။ဦးမျိုးကျော်က “ကျွန်တော်တို့ ဦးဆောင်ကော်မတီ ဆိုပြီးတော့ ပြီးခဲ့တဲ့ ကျောက်တော် အစည်းအဝေးမှာ ဖွဲ့ထားတယ်ပေါ့။ အကုန်လုံးကတော့ ဦးဆောင်ကော်မတီဝင် အခုလက်ရှိ ၃၀ ဦးကျော် ရှိတာပေါ့။ တချို့မြို့နယ်တွေကတော့ မပေးရသေးဘူး။ အဲဒီ ဦးဆောင်ကော်မတီတွေကနေပြီးတော့ မကြာခင်မှာ ရှေ့ဆက်ပြီးတော့ သွားမယ့် ကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒီဇင်ဘာလောက်မှာ ဖြစ်ပါမယ်။ ပါတီနဲ့ဆိုင်တဲ့ လုပ်ငန်းစဉ်တွေ၊ နောက်ကော်မတီနဲ့ဆိုင်တဲ့ လုပ်ငန်းကိစ္စတွေ ရှိမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပါတီတစ်ရပ် ဖြစ်ဖို့အတွက် ပါတီတည်ထောင်သူတွေကို ရွေးချယ်ရမှာပေါ့လေ။ ပြီးတော့ ပါတီအနေနဲ့ကတော့ အတတ်နိုင်ဆုံး ရခိုင်ပြည်နယ် မြို့နယ်အကုန်လုံးကို ကိုယ်စားပြုနိုင်အောင် ကြိုးစားသွားဖို့တော့ အစီအစဉ် ရှိတာပေါ့” ဟု နိုဝင်ဘာ ၈ ရက်တွင် ပြောကြားသည်။ပါတီထူထောင်ရန်နှင့် ရခိုင်ပြည်နယ်၏ လက်ရှိနိုင်ငံရေး အခြေအနေအား ဆွေးနွေးရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီဝင်ဟောင်းများက ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် အောက်တိုဘာလ အတွင်းက နှစ်ရက်ကြာ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးမှ ရခိုင်အမျိုးသား ညီညွတ်ရေးကို ဆောင်ရွက်ရန် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ခေါင်းဆောင်ဟောင်းများ ဦးဆောင်၍ ပါတီသစ် ထူထောင်မည်ဖြစ်ကြောင်း ကြေညာထားခဲ့သည်။ထိုစဉ်က လက်ရှိတွင် ရခိုင်အမျိုးသားပါတီ ALD (ရခိုင်အမျိုးသား ပါတီထဲရှိ အုပ်စု)အနေဖြင့် လှုပ်ရှားဆောင်ရွက်သွားရန်နှင့် ရခိုင်ပြည်နယ် လုံခြုံရေးကိစ္စရပ်များ အပေါ် ပြည်ထောင်စုအစိုးရ၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားရန် အချက်များ စသည့် အချက်များလည်း ထည့်သွင်း ထုတ်ပြန်ထားခဲ့သည်။  “အရင် ALD ပါတီဝင်တွေရဲ့ တုံ့ပြန်မှုကတော့ မူလ ALD ကို ပြန်သွားလိုတဲ့ သဘောမျိုးတော့ ဆွေးနွေးကြတာပေါ့။ ဒါကတော့ ဆွေးနွေးချက် အနေနဲ့ ရှိတာပါ။ ဒါပေမဲ့ တကယ်လို့ အဲဒီလုပ်ငန်းလုပ်ဖို့ အတွက်ကကျတော့ ရှေ့မှာ လုပ်ငန်းစဉ်လေးတွေ ကျန်နေတယ်။ အဲဒီတော့ အားလုံးအပေါ်မှာထက် မြို့နယ်တွေက ရွေးပေးတဲ့ ဦးဆောင်ကော်မတီ အဖွဲ့တွေ ရထားတာ ရှိတယ်။ အဲဒီတော့ ဒီဦးဆောင်ကော်မတီကပဲ ဒီလုပ်ငန်းကို နာမည်ကတော့ ဘယ်လို နာမည်ပေးမယ်။ ဒီထဲမှာတော့ ဘယ်မြို့နယ်က ဘယ်သူ့ကို ကိုယ်စားပေးမယ် ဆိုတာမျိုးတွေတော့ ထည့်ပြီးတော့ ခေါင်းဆောင်အနေနဲ့ကတော့ ဘယ်သူ့ကို ထားမယ်။ မူဝါဒတွေကလည်း ဒါတွေကလည်း ရှေ့မှာဆက်လုပ်ရမယ့် လုပ်ငန်းတွေပေ့ါ” ဟု ဦးမျိုးကျော်က ပြောကြားသည်။ရခိုင်ပြည်နယ်တွင် ရခိုင်နိုင်ငံရေး အခြေအနေအရ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) တို့ ပူးပေါင်း၍ ရခိုင်အမျိုးသားပါတီ (ANP)အား ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ALD နှင့် RNDP တို့သည် ပါတီ ပူးပေါင်းစဉ် ကတည်းက တိုင်းရင်းသား နိုင်ငံရေးပါတီ အစုအဖွဲ့ တစ်ခုစီတွင် ပါဝင်ခဲ့ကြပြီး ပါတီပေါင်းစည်းပြီးချိန်တွင် မည်သည့် အဖွဲ့တွင် ဆက်လက်ပါဝင်မည် ဆိုသည်ကို ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိပေ။ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲအပြီး ကာလများတွင် ANP အနေဖြင့် ယခင် RNDP ပါဝင်ခဲ့သည့် တိုင်းရင်းသားနိုင်ငံရေးပါတီ မဟာမိတ် အစုအဖွဲ့တွင်သာ ပါဝင်ရန် ဆုံးဖြတ်ချိန်မှ စတင်၍ နှစ်ပါတီ ခေါင်းဆောင်များအကြား ပါတီတွင်း မပြေလည်မှုများ ရှိခဲ့ပြီး ALD ခေါင်းဆောင်များသည် မဟာမိတ်အဖွဲ့ တစ်ဖွဲ့တွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည့် ကိစ္စအပေါ် မကျေနပ်သဖြင့် ကြေညာချက် ထုတ်ပြန်ခြင်း၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သဖြင့် ALD ပါတီဘက်မှ ပါဝင်သည့် ခေါင်းဆောင်များ ပါတီမှ ထုတ်ပယ်ခံရသည်အထိ ဖြစ်ပေါ်ခဲ့သည်။   

Most Read

Most Recent