ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အစည်းအဝေး ယနေ့ပြုလုပ်မည်

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အစည်းအဝေး ယနေ့ပြုလုပ်မည်
Published 7 November 2016
မျိုးမင်းထက်

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အစည်းအဝေးကို ယနေ့ (နိုဝင်ဘာ ၈ ရက်) တွင် ပြုလုပ်မည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်က The Daily Eleven သတင်းစာကို ပြောကြားသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေးကို နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် စတင်ကျင်းပမည် ဖြစ်ကြောင်း လွှတ်တော်ရုံးများက သတင်းထုတ်ပြန်ထားသည်။
မကြာခင်ကျင်းပမည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးများ၌ ပြီးခဲ့သည့် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ကာလအတွင်း ဆွေးနွေးအတည်ပြုရန် ကျန်ရှိခဲ့သည့် ဥပဒေကြမ်းများကို ဆက်လက်ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက ပြင်ဆင်ရေးဆွဲထားသည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ အောက်တိုဘာ ၅ ရက်က တင်သွင်းခဲ့ပြီး ဆွေးနွေးအတည်ပြုရန် ကျန်ရှိနေသေးကြောင်း သိရသည်။
လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်တတိယပုံမှန် အစည်းအဝေး စတင်ချိန်တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက ပြောကြားထားသည်။
ပြန်စမည့် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးများ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နောက်ဆက်တွဲ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား အဓိကထား ဆွေးနွေးအတည်ပြုရန်ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နောက်ဆက်တွဲ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၀ ရက်၌ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီကလည်း အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဒုတိယပုံမှန ်အစည်းအဝေးများကို ၄၇ ရက်ပြုလုပ်ခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၂၂၅ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၄၀၇ ခု မေးမြန်း ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကာ အရေးကြီးအဆို နှစ်ခုအပါအဝင် အဆိုစုစုပေါင်း ၁၆ ခု တင်သွင်းခဲ့၍ အတည်ပြု အဆိုလေးခု၊ မှတ်တမ်းတင်အဆို ကိုးခု၊ အတည်မပြုအဆို နှစ်ခုနှင့် ဆွေးနွေးရန်မသင့် အဆိုတစ်ခုအဖြစ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။                  

Most Read

Most Recent