ရှမ်းပြည်နယ် NLD ခေါင်းဆောင်အချို့ ရာထူးမှ ထုတ်ပယ်ခံရသည့်ကိစ္စတွင် အယူခံခုံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က နှစ်ဖက်သက်သေများအား စစ်ဆေးပြီးစီး၍ နိုဝင်ဘာ ၂၀ ရက် အမိန့်ချမည်

ရှမ်းပြည်နယ် NLD ခေါင်းဆောင်အချို့ ရာထူးမှ ထုတ်ပယ်ခံရသည့်ကိစ္စတွင် အယူခံခုံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က နှစ်ဖက်သက်သေများအား စစ်ဆေးပြီးစီး၍ နိုဝင်ဘာ ၂၀ ရက် အမိန့်ချမည်
Published 6 November 2016
ဇေယျာထွန်း

ရှမ်းပြည်နယ် NLD ခေါင်းဆောင်အချို့ ရာထူးမှ ထုတ်ပယ်ခံရသည့်ကိစ္စတွင် အယူခံခုံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က နှစ်ဖက်သက်သေများ စစ်ဆေးပြီးစီး၍ လာမည့်နိုဝင်ဘာ ၂၀ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
 
အယူခံခုံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ဦးဝင်းထိန်ဘက်မှ တင်သွင်းသည့် သက်သေ ခြောက်ဦးနှင့် ဦးတင်မောင်တိုးနှင့် ဒေါ်ခင်မိုးမိုးတို့ဘက်မှ တင်သွင်းသည့် သက်သေခြောက်ဦးအား စစ်ဆေးပြီးစီးခဲ့သဖြင့် ယင်းကဲ့သို့ အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
 
ရှမ်းပြည်နယ် ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံရသူ ဒေါ်ခင်မိုးမိုးက “အယူခံခုံရုံးက ကျွန်မတို့သိတာ ခေါင်းစဉ်တပ်ထားတာက ပါတီ စည်းကမ်းထိန်းသိမ်းရေး အယူခံရုံးလို့ နှစ်ခုစလုံး တွဲတပ်ထားတယ်။ ဒီနေ့က စစ်ဆေးချက်တွေ အားလုံးပြီးပြီဆိုတော့ အပြီးသတ် လျှောက်လဲချက်တွေ တင်ခဲ့တယ်။ သူတို့ဆုံးဖြတ်ချက်ကို စီအီးစီကို တင်ပြမယ်။ ပြစ်ဒဏ်ပေးတာတော့ စီအီးစီရဲ့ဆုံးဖြတ်ချက်နဲ့ ပေးမယ်လို့ပြောတယ်။ ကျွန်မတို့ တောင်းဆိုတာကတော့ ဦးဝင်းထိန်ရဲ့စွပ်စွဲချက်တွေမှာ ပါတီစည်းမျဉ်းစည်းကမ်းနဲ့လည်း မညီဘူး။ အချက်အလက်မခိုင်လုံဘဲ လုပ်တဲ့အတွက်ကြောင့် ဦးဝင်းထိန်ရဲ့ စွပ်စွဲချက်တွေကို ပယ်ဖျက်ပြီးတော့ အထုတ်ခံရတဲ့ လေးယောက်စလုံးကို မူလနေရာမှာ ပြန်ထားပေးဖို့ တောင်းဆိုခဲ့တာပါ”ဟု ပြောကြားသည်။ 
 
အဆိုပါ ဖြစ်စဉ်အား အယူခံခုံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆုံးဖြတ်ချက်ချမည် ဖြစ်သော်လည်း ဆုံးဖြတ်ချက်အား ကျေနပ်မှုမရှိပါက နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတွင်  အယူခံတင်ခွင့်ရှိပြီး တက်ရောက်လာသူများမှ မဲပေးကာ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
 
ရှမ်းပြည်နယ် အတွင်းရေးမှူးရာထူးမှ ဖယ်ရှားခံရသူ ဦးတင်မောင်တိုးက “ကျွန်တော်တို့တင်တဲ့ သက်သေခြောက်ယောက်က လက်ရှိပါတီမှာ တာဝန်ထမ်းဆောင်နေတဲ့ ပါတီစည်းကမ်းထိန်းသိမ်းရေး၊ ခရိုင်အလုပ်အမှုဆောင်၊ မြို့နယ်အလုပ်အမှုဆောင်တွေ ပါတယ်။ တကယ် အလုပ်လုပ်နေတဲ့ ပါတီရဲ့ အမာခံတွေကတော့ ကျွန်တော်တို့ဘက်က သက်သေအခိုင်အမာ ထွက်ဆိုထားပြီးသားပေါ့။ ပါတီအနေနဲ့ စည်းလုံးညီညွတ်မှု မပြိုကွဲဖို့က ကျွန်တော်တို့က အဓိက။ ပါတီတာဝန် ထမ်းဆောင်ရတာ မထမ်းဆောင်ရတာထက် ဒီပါတီထဲမှာ အာဏာရှင်စနစ် ထပ်ပြီး မဖြစ်လာဖို့ အတတ်နိုင်ဆုံး ကျွန်တော်တို့ ကြိုးပမ်းကာကွယ်တာပါ။ ဦးဝင်းထိန် နှုတ်မိန့်နဲ့ ပေးခဲ့တာကို အတည်ပြုလား၊ မပြုဘူးလားဆိုတာကိုပေါ့။ အတည်မပြုဘူးဆိုရင်တော့ ပျက်ပြယ်တယ်ပေါ့။ ကျွန်တော်တို့ မူလအတိုင်းပဲပေါ့။ အတည်ပြုလိုက်တယ်ဆိုရင်တော့ ကျွန်တော်တို့ ထုတ်ပယ်ခံရတယ်ပေါ့”ဟု ပြောကြားသည်။
 
အယူခံခုံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့အား အဖွဲ့ခေါင်းဆောင် ဦးတင်ထွဋ်ဦး (မန္တလေးတိုင်း NLD ဥက္ကဋ္ဌ)၊ ဦးကျော်ဟိုး (တရားလွှတ်တော်ရှေ့နေ)၊ ဒေါ်လဲ့လဲ့ စသည့် သုံးဦးဖြင့် ဖွဲ့စည်းကာ စစ်ဆေးခဲ့ကြောင်း သိရသည်။
 
တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက “ဦးတင်မောင်းတိုးတို့ ဒေါ်ခင်မိုးမိုးတို့ဘက်က သက်သေတွေ စစ်ပြီးသွားပြီ။ သူတို့ရဲ့လျှောက်လဲချက်ကိုလည်း စာနဲ့ ရေးတင်သွားတယ်။ ကျွန်တော်တို့ လာမယ့်အပတ်မှာ အမိန့်ချမယ်။ ကျွန်တော်တို့ချတဲ့ အမိန့်ကို မကျေနပ်ဘူးဆိုရင် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကျင်းပတဲ့အခါကျရင် တက်လို့ရတယ်”ဟု ပြောကြားသည်။
 
 

Most Read

Most Recent