နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဖေ့စ်ဘွတ်တွင် တိုက်ခိုက်ဖော်ပြသည့်ပုံ တင်ခြင်းအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့ရုံးများက ငဖာအကောင့် ပိုင်ရှင်အား တရားစွဲရန် တာဝန်ပေးမထားဟု တရားလို ထွက်ဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဖေ့စ်ဘွတ်တွင် တိုက်ခိုက်ဖော်ပြသည့်ပုံ တင်ခြင်းအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့ရုံးများက ငဖာအကောင့် ပိုင်ရှင်အား တရားစွဲရန် တာဝန်ပေးမထားဟု တရားလို ထွက်ဆို
ငဖာအကောင့်ပိုင်ရှင် ကိုဇော်ဇော်အား စစ်ဆေးသော တရားရုံးရှေ့တွင် တရားဥပဒေ စိုးမိုးရေး ကူညီတည်ဆောက်သူများကွန်ရက် စာတန်းပါ တူညီဝတ်စုံ ဝတ်ဆင်ထားသူအချို့ လာရောက် စုရုံးနေသည်ကို တွေ့ရစဉ်
ငဖာအကောင့်ပိုင်ရှင် ကိုဇော်ဇော်အား စစ်ဆေးသော တရားရုံးရှေ့တွင် တရားဥပဒေ စိုးမိုးရေး ကူညီတည်ဆောက်သူများကွန်ရက် စာတန်းပါ တူညီဝတ်စုံ ဝတ်ဆင်ထားသူအချို့ လာရောက် စုရုံးနေသည်ကို တွေ့ရစဉ်
Published 2 November 2016
သက်မင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဖေ့စ်ဘွတ်တွင် တိုက်ခိုက်ဖော်ပြသည့် ပုံတင်ခြင်းအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့ရုံးများက ငဖာ အကောင့်ပိုင်ရှင်အား တရားစွဲရန် တာဝန်ပေးမထားဟု ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲထားသည့် တရားလိုဖြစ်သူ ကိုနေမျိုးကျော်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဖေ့စ်ဘွတ်တွင် တိုက်ခိုက်သည့် ဓာတ်ပုံတင်သည့် အတွက်ဟု ဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံထားရသော ငဖာ အကောင့်ပိုင်ရှင် ကိုဇော်ဇော်အား နိုဝင်ဘာ ၂ ရက်က မြောက်ဒဂုံမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာ ငဖာ (ခ) ဇော်ဇော်၏ရှေ့နေက မေးမြန်းသော မေးခွန်းကို တရားလို နေမျိုးကျော်က ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။တရားလို ကိုနေမျိုးကျော်သည် မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း၊ ဖေ့စ်ဘွတ်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလပိုင်းတွင် စတင်သုံးစွဲခဲ့ခြင်းဖြစ်ပြီး ငဖာအကောင့်သည် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးဝင်းထိန်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ကို တိုက်ခိုက်သည့် ဓာတ်ပုံများ ရည်ရွယ်ချက်ရှိရှိ တင်လေ့ရှိသည်ကို တွေ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဈေးသည်ပုံစံလုပ်ပြီး ဈေးဗန်းရွက်ထားသည့်ပုံကို တင်ကြောင်း၊ စုံစမ်းကြည့်သောအခါ ငဖာအကောင့်ပိုင်ရှင်သည် မြောက်ဒဂုံတွင် နေထိုင်သူဖြစ်ကြောင်း၊ Screen Shot ပြုလုပ်ပြီး ရုံးတော်ကို တင်ပြကြောင်း ထွက်ဆိုခဲ့သည်။ငဖာအကောင့်ပိုင်ရှင် ကိုဇော်ဇော်၏ရှေ့နေက မေးမြန်းရာ တရားလို ကိုနေမျိုးကျော်က ဒေါ်အောင်ဆန်းစုကြည်အတွက် အမှုဖွင့် တိုင်ကြားခြင်းသည် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဖြစ်စေ၊ သမ္မတရုံးမှဖြစ်စေ၊ အစိုးရ အဖွဲ့ရုံးမှဖြစ်စေ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးမှ ဖြစ်စေ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးမှ ဖြစ်စေ တာဝန်ပေးထားသည့်စာ တင်ပြထားခြင်း မရှိကြောင်း၊ တိုင်စာတွင် မည်ကဲ့သို့ တိုက်ခိုက်သည်ကို ဓာတ်ပုံ အထောက်အထားဖြင့် တင်ပြထားကြောင်း၊ အဆိုပါ ဓာတ်ပုံသည် ငဖာ၏ အကောင့်ထဲမှ share ပြုလုပ်၍ ယူခဲ့ကြောင်း၊ အဆိုပါ ဓာတ်ပုံသည် ဈေးရောင်းနေသော အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံဖြစ်ကြောင်း၊ ထိုပုံတွင် အနီး၌ မြင်နိုင်သည့်သူ မပါကြောင်း၊ ထိုပုံအပေါ်တွင် စာသားပါကြောင်း၊ ထိုဓာတ်ပုံကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ငြိုငြင်ခြင်း၊ လူထုထောက်ခံမှု ကျဆင်းခြင်း၊ အလုပ်မလုပ်နိုင်ခြင်း မရှိကြောင်း၊ ကိုနေမျိုးကျော်နှင့် ကိုနေမျိုးကျော် အသိုင်းအဝိုင်း ပတ်ဝန်းကျင်တွင် ထိုဓာတ်ပုံကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှု မယုတ်လျော့ကြောင်း၊ အထင်သေးမသွားကြောင်း ထွက်ဆိုခဲ့သည်။တရားလို ကိုနေမျိုးကျော်သည် စွပ်စွဲခံရသူ၏ ရှေ့နေမေးမြန်းသော မေးခွန်းများကို နားမလည်သည့်အတွက် ထပ်ခါထပ်ခါ မေးမြန်းနေပြီး မြောက်ဒဂုံမြို့နယ် တရားသူကြီး၊ ဥပဒေအရာရှိတို့က မေးခွန်းအား ထပ်ခါထပ်ခါ ရှင်းပြနေရကြောင်း တရားရုံး ကြားနာမှုအရ သိရသည်။ထို့ပြင် ငဖာအကောင့်ပိုင်ရှင် ကိုဇော်ဇော်အား စစ်ဆေးသော တရားရုံးရှေ့တွင် တရားဥပဒေ စိုးမိုးရေး ကူညီတည်ဆောက်သူများကွန်ရက် စာတန်းပါ တူညီဝတ်စုံများ ဝတ်ဆင်ထားသူအချို့ လာရောက် စုရုံးခဲ့ကြကြောင်း သိရသည်။ ထို့နောက် ငဖာအကောင့်ပိုင်ရှင် ကိုဇော်ဇော် တရားခွင်မှ ပြန်လည်ထွက်ခွာသော အခါတွင် အဆိုပါ လူစုနှင့် အချင်းများမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဇော်ဇော် (ခ) ငဖာ အမည်ရှိ Facebook အကောင့်ပိုင်ရှင်အား မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ဦးနေမျိုးကျော် (၃၄)နှစ်က အောက်တိုဘာ ၇ ရက်တွင် ဒဂုံမြောက် မြို့မရဲစခန်းတွင် (ပ)၁၆၄၃/၂၀၁၆၊ ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)ဖြင့် တရားလိုပြုလုပ် တိုင်ကြားခြင်းဖြစ်ပြီး ဇော်ဇော်(ခ)ငဖာ (၃၁)နှစ်အား မြောက်ဒဂုံမြို့နယ် (၄၆) ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ အောက်တိုဘာ ၁၀ ရက် နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။