တောင်ဥက္ကလာပမြို့နယ်ရှိ ကုမ္ပဏီတစ်ခုသို့ အမေရိကန်ဒေါ်လာ အတုများ လိမ်လည်ရောင်းချရန် လာရောက်သည့် နိုင်ငံခြားသားနှစ်ဦးအား ဖမ်းဆီး

တောင်ဥက္ကလာပမြို့နယ်ရှိ ကုမ္ပဏီတစ်ခုသို့ အမေရိကန်ဒေါ်လာ အတုများ လိမ်လည်ရောင်းချရန် လာရောက်သည့် နိုင်ငံခြားသားနှစ်ဦးအား ဖမ်းဆီး
Published 30 October 2016

တောင်ဥက္ကလာပမြို့နယ်ရှိ ကုမ္ပဏီတစ်ခုသို့ အမေရိကန်ဒေါ်လာ အတုများ လိမ်လည်ရောင်းချရန် လာရောက်သည့် နိုင်ငံခြားသားနှစ်ဦးအား ဖမ်းဆီးထားကြောင်း အောက်တိုဘာ ၃၀ ရက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ထိုသို့ လာရောက်လိမ်လည်ခဲ့သည့် နိုင်ငံခြားသားနှစ်ဦးမှာ လိုက်ဘေးရီးယားနိုင်ငံသားများဖြစ်ပြီး ၎င်းတို့မှာ တောင်ဥက္ကလာပမြို့နယ် (၇) ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ကုမ္ပဏီ တစ်ခုသို့ အောက်တိုဘာ ၂၈ ရက် နံနက်တွင် လာရောက်စဉ် သက်ဆိုင်ရာ တာဝန်ရှိသူများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဖမ်းဆီးရမိသည့် လိုက်ဘေးရီးယားနိုင်ငံသား နှစ်ဦးအား သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးရာ ယင်းကုမ္ပဏီသို့ ယခင်က နှစ်ခါခန့် လာရောက်ခဲ့ဖူးကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။၎င်းတို့နှစ်ဦးထံတွင် ဒေါ်လာ ၁ ဒသမ ၅ မီလီယံ ပါရှိကြောင်း အဆိုပါ ကုမ္ပဏီသို့ ပြောဆိုခဲ့ပြီး ဒေါ်လာစက္ကူ တစ်ရွက်အား ၎င်းတို့ ယူဆောင်လာသည့် ဆေးရည်တစ်မျိုးဖြင့် ပွတ်လိုက်ပါက ဒေါ်လာငွေများ ဖြစ်လာနိုင်သည်ဟု လိမ်လည်ပြောဆိုခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။ထို့နောက် လိုက်ဘေးရီးယားနိုင်ငံသား နှစ်ဦးက ၎င်းတို့နှင့် ပါလာသည့် ဆေးရည်မှာ ခဲနေသဖြင့် ဆေးပုလင်း ဝယ်ယူရန် ဒေါ်လာ ၄၅၉၀ ခန့် လိုအပ်ကြောင်း ယင်းကုမ္ပဏီသို့ ပြောဆိုပြီး ငွေကြေးအား တောင်းခံခဲ့ကြောင်း သိရသည်။“သူတို့က ဒေါ်လာအစစ် တစ်ရွက်ကို ဆေးရည်နဲ့ ချွတ်ပြတယ်။ ပြီးတော့ အဲဒီလို စက္ကူ အများကြီး ရောင်းချင်တယ်လို့ ကုမ္ပဏီကို ပြောတယ်။ သူတို့က အဲဒီကုမ္ပဏီကို နှစ်ခါလောက်လာဖူးတယ်လို့တော့ စစ်ဆေးသိရှိရတယ်။ သူတို့က ဆေးရည်ကုန်သွားတယ် ဆိုပြီး ကုမ္ပဏီကို ဆေးရည်ဖိုးတောင်းပြီး လိမ်တာပါ” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။အဆိုပါ ဖြစ်စဉ်မှ လိုက်ဘေးရီးယားနိုင်ငံသား နှစ်ဦးအား တောင်ဥက္ကလာပမြို့မ ရဲစခန်းက အမှုဖွင့်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။