ဆဲဆို၊ ကျိန်ဆဲမှုများရပ်ရန် ဘုရားသခင်ထံ ကတိပေးခဲ့ဟု ဒူတာတေး ပြောကြား

ဆဲဆို၊ ကျိန်ဆဲမှုများရပ်ရန် ဘုရားသခင်ထံ ကတိပေးခဲ့ဟု ဒူတာတေး ပြောကြား
Published 28 October 2016

ပုပ်ရဟန်းမင်းကြီးအား ‘ခွေးမသား’ ဟု ဆဲဆိုခဲ့သော၊ အမေရိကန်သမ္မတ ဘာရက်အိုဘားမားအား ‘ပြည့်တန်ဆာမသား’ ဟု ဆဲဆိုခဲ့သော ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ယင်းကဲ့သို့ ဆဲဆို၊ ကျိန်ဆဲနေမှုများ ထပ်မံမပြုလုပ်ရန် ဘုရားသခင်အား ကတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ အောက်တိုဘာ ၂၇ ရက် နှောင်းပိုင်းတွင် ဂျပန်ခရီးစဉ်မှ ဖိလစ်ပိုင်တောင်ပိုင်း ဇာတိမြို့ ဒါဗာအိုသို့ ပြန်လည်ရောက်ရှိလာသော ဒူတာတေးက ယင်းကဲ့သို့ ဆဲဆိုမှုများ ထပ်မံမပြုလုပ်ရန် ဘုရားသခင်အား ကတိပေးခဲ့ကြောင်း အံ့အားသင့်ဖွယ်စကား ဆိုခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်သို့ ပြန်လာစဉ် လေယာဉ်ပေါ်၌ လူအချို့က ဟောက်လျက်၊ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် ဒူတာတေးက ၎င်းသည် ကောင်းကင်သို့ ကြည့်နေခဲ့ကြောင်း၊ ယင်းအချိန်တွင် “ဒီရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ ပြောတာ မရပ်ဘူးဆိုရင် အခုချက်ချင်း ဒီလေယာဉ် ပျက်ကျအောင် လုပ်ပစ်လိုက်မယ်” ဟု ပြောကြားသည့် စကားသံ ကြားခဲ့ရကြောင်း ပြန်ပြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်က မေးလိုက်တယ်။ ခင်ဗျားက ဘယ်သူလဲပေါ့။ အဲဒါ ဘုရားသခင်တဲ့” ဟု ဒူတာတေးက ဆိုခဲ့သည်။ “ဒါနဲ့ပဲ ကျွန်တော် ဘုရားသခင်ကို ကတိပြုခဲ့တယ်။ ဒီဆဲဆိုတဲ့စကား၊ ကျိန်ဆဲတဲ့စကားတွေ အားလုံးကိုပေါ့ မပြောတော့ဘူးလို့ ကတိပေးလိုက်တယ်။ ဒါကြောင့် ခင်ဗျားတို့ အခုလိုမျိုး အမြဲကြားရတော့မယ်။ ဘာလို့လဲဆိုတော့ ဘုရားသခင်ကို ကတိပေးတာ ဖိလစ်ပိုင်ပြည်သူတွေကို ကတိပေးတာပဲ” ဟုလည်း ဒူတာတေးက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပြောကြားမှုအား ဝိုင်းဝန်းသြဘာပေးကြစဉ် ဒူတာတေးက “သိပ်ပြီးတော့လည်း လက်ခုပ်မတီးကြနဲ့ဦး။ ဒါကလည်း လမ်းချော်ချင်လည်း ချော်သွားနိုင်တယ်” ဟု သတိပေးခဲ့သည်။
စကားအား ဟော့ဟော့ဒိုင်းဒိုင်း ပြောတတ်သော အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် နှိုင်းယှဉ်ခံခဲ့ရသည့် အသက် ၇၁ နှစ်ရှိ ဒူတာတေးသည် ၎င်း၏ကတိ တည်၊ မတည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ မေ ၉ ရက် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာနေခဲ့ပြီးနောက် ဒူတာတေးက ပြီးခဲ့သော ဇွန်တွင်လည်း အလားတူ ကတိပေးခဲ့ဖူးသည်။ ၎င်းသမ္မတ ဖြစ်လာချိန်၊ ကျမ်းသစ္စာ ကျိန်ဆိုချိန်တွင် ကွဲပြားသောသူ တစ်ဦးအဖြစ် မြင်တွေ့ရမည်ဖြစ်ကြောင်း ယင်းအချိန်က ပြောကြားခဲ့ဖူးသည်။ သို့သော် ယင်းကတိသည် မကြာမီတွင်ပင် ကျိုးပျက်ခဲ့သည်။
ယင်းနောက် ဒူတာတေးသည် အိုဘားမား၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်၊ အတိုက်အခံ နိုင်ငံရေးသမားနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ အချို့တို့အား ထပ်တလဲလဲ စော်ကားတိုက်ခိုက် ခဲ့သော်လည်း တရုတ်နှင့် ရုရှားခေါင်းဆောင်များကိုမူ ချီးကျူးခဲ့သည်။ ဒူတာတေး၏ ယင်းကတိပေးမှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့အား ကျိန်ဆဲမှု ပြီးဆုံးပြီလားဟု မေးမြန်းမှုကို ၎င်းက ရှင်းရှင်းလင်းလင်း မဖြေကြားခဲ့ပေ။
Ref : AFP

Most Read

Most Recent