အပြစ်မဲ့ကလေးများ ခိုလှုံရာနေရာလေးတစ်ခု ...

အပြစ်မဲ့ကလေးများ ခိုလှုံရာနေရာလေးတစ်ခု ...
Published 23 October 2016
သဲသီရိကျော်၊ နှင်းဝေ

ဝေးလံခေါင်ပါးပြီး လူသူအရောက်နည်းတဲ့ နေရာလေးမှာ စွန်းဖုတ်ဆံပင်ပုံစံ ဆင်တူလေးတွေနဲ့ တူညီဝတ်စုံလေးတွေကို ဝတ်ဆင်ထားပြီး စူးရှတဲ့နေရောင်ခြည်ရဲ့အောက်မှာ အပူအပင်ကင်းစွာ ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေရဲ့မြင်ကွင်းကို  မြင်လိုက်ရတဲ့အချိန်မှာ ရင်ထဲမှာ ပြောမပြတတ်တဲ့ စိတ်ခံစားမှုတစ်ခုနဲ့ ဖြစ်ပေါ်လာခဲ့ရပါတယ်။
နေရာကတော့ အမှတ် ၈၆ ရပ်ကွက်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ မှန်ကင်း အမှတ် (၂) ဘုန်းတော်ကြီး ပညာရေးပရဟိတကျောင်းပဲ ဖြစ်ပါတယ်။ ဒီကျောင်းမှာတော့ အသက်အရွယ်စုံ မိဘမဲ့ကလေးတွေကို လက်ခံထားရှိပြီး ကျောင်းနေ ကျောင်းစား စာသင်ကြားပေးနေတဲ့ နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။

မှန်ကင်း အမှတ် (၂) ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတကျောင်းမြင်ကွင်းများ (ဓာတ်ပုံ - ရှိုင်းလင်းအောင်)
“ဦးဇင်းတို့ ဒီကျောင်းကို ၂၀၁၄ ခုနှစ် မတ်လလောက်မှာ စပြီး တည်ထောင်တာပါ။သာကေတမြို့နယ်မှာရှိတဲ့ မှန်ကင်းဘုန်းတော်ကြီး ပညာရေးကျောင်းမှာ ကလေးတွေ အရမ်းများနေပြီဖြစ်တဲ့အတွက် ဒီဘက်မှာ မှန်ကင်း (၂) ဆိုပြီး ထပ်ဖွင့်ဖြစ်တာပေါ့။ ဒီဘက်ကတော့ နေရာကလည်း နည်းနည်းဝေးတယ်၊ တည်ထောင်ထားတာလည်း သိပ်မကြာသေးတော့ လူသိပ်မသိကြသေးဘူး။ အလှူရှင်တွေလည်း နည်းနေသေးပါတယ်” လို့ အဆိုပါကျောင်းမှာ အုပ်ချုပ်ပေးနေတဲ့ တိုက်အုပ်ဆရာတော် ဦးဇောတိနန္ဒက မိန့်ကြားပါတယ်။
ဒီကျောင်းမှာတော့ စုစုပေါင်းကလေး ၄၈ ဦးရှိပြီး၊ အားလုံးက ယောကျ်ားလေးတွေပဲ ဖြစ်ပါတယ်။ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက် အုပ်ချုပ်ပေးနေတဲ့ ဆရာတော် သုံးပါးရှိပြီး၊ ကိုရင် စုစုပေါင်း ၂၇ ပါးလည်းရှိပါတယ်။ကလေးတွေကို ဒီကျောင်းမှာပဲ နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ စာသင်ချိန် သတ်မှတ်ပြီး စာသင်ကြားပေးနေသလို ၉ တန်း၊ ၁၀တန်းအရွယ် ကျောင်းသားတွေအတွက်လည်း အပြင်ဖြေ စာမေးပွဲဖြေဆိုနိုင်ဖို့ သင်ကြားမှုတွေ ပြုလုပ်ပေးနေပါတယ်။
“ဦးဇင်းတို့ကိုယ်တိုင်လည်း သင်ကြားပေးနေသလို၊ နောက်ထပ် လာသင်ပေးနေကြတဲ့ အပြင်က ဆရာ၊ ဆရာမ ခုနစ်ယောက်လည်း ရှိပါတယ်။ ငါးတန်းကနေ ရှစ်တန်းလောက်အထိ ကလေးတွေကို ကိုရင်ဝတ်ပေးတယ်။ ရှစ်တန်းပြီးရင် ကိုရင်ထွက်ပြီး ကျောင်းစာကို သေချာလေး ပြန်လုပ်စေပါတယ်” လို့ တိုက်အုပ်ဆရာတော် ဦးဇောတိနန္ဒက ပြောပါတယ်။

ကလေးတွေကို အိပ်ချိန်၊ စားချိန်၊ စာသင်ချိန်၊ ကစားချိန်၊ ဘုရားရှိခိုးချိန်၊ စာကြည့်ချိန်၊ တီဗွီကြည့်ချိန် စသဖြင့် အချိန်တွေ သတ်မှတ်ပေးထားပြီး အစားအစာအတွက်ကိုတော့ တစ်ခါတစ်ရံမှာ အလှူရှင်တွေ လာရောက်လှူဒါန်းတဲ့ အခါလည်း ရှိသလို အဲဒီလို လှူဒါန်းသူတွေ မရှိတဲ့အခါမှာတော့ ဆရာတော်တွေ၊ ကိုရင်တွေ ဆွမ်းခံကြွပြီး ရရှိလာတဲ့ အထဲကနေ ကျွေးမွေးတယ်လို့ သိရပါတယ်။
“ကလေးတွေထဲမှာက အများအားဖြင့်ကတော့ မိဘမဲ့တွေပေါ့။ တချို့ကတော့  မိဘတွေ ရှိပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မကျွေးမွေးနိုင်လို့ ဒီကို ဆွေမျိုးနီးစပ်တွေက လာပို့ထားတာမျိုးတွေလည်း ရှိပါတယ်။ ဆရာတော်တွေ၊ ကိုရင်လေးတွေ ဆွမ်းခံကြွတဲ့အခါ နည်းနည်းအရွယ်ရောက်တဲ့ ကလေးတွေက နောက်ကလိုက်ပြီး ဆွမ်းချိုင့်ကိုင်ရတာမျိုးတွေ ဘာတွေတော့ လုပ်ပေးရတာပေါ့လေ။ ဆွမ်းခံထွက်ပြီး ပြန်လာရင် ဦးဇင်းတို့ ဆွမ်းစားပြီးတာနဲ့ ကျန်တာတွေအကုန်လုံး ကလေးတွေအတွက် ကျွေးမွေးပါတယ်။ မနက်စာ၊ ညနေစာ ပုံမှန်ကျွေးတယ်။ အလှူရှင်တွေ ရှိတဲ့အခါမှာလည်း နေ့လယ်စာမုန့်တွေ ဘာတွေကျွေးလို့ရတာပေါ့လေ။ မရှိတဲ့အခါကျတော့လည်း ဦးဇင်းတို့က ကလေးတွေကို ကျွေးချင်ပေမယ့်လည်း မသိချင်ယောင် ဆောင်နေလိုက်ရတာပေါ့။ ဦးဇင်းတို့က တစ်ခါတစ်ရံ သူတို့ကို မုန့်ဝယ်ကျွေးချင်လည်း ၂၀၀ ဖိုး၊ ၅၀၀ ဖိုး အဲဒီလိုတွေတော့ ဘယ်ကျွေးနိုင်ပါ့မလဲ၊ တစ်ယောက်ကို ၅၀ ဖိုး ၁၀၀ ဖိုး အဲဒီလောက်ပဲပေါ့။ ဒါတောင် တစ်ခါတစ်လေမှ ကျွေးနိုင်တာပါ” လို့ ဆရာတော်က စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

အလှူရှင်တွေ လာလှူထားတဲ့ ဆင်တူ ဝတ်စုံလေးတွေကို ဝတ်ဆင်ထားပေမယ့်လည်း လဲလှယ်စရာ အဝတ်အစားအားဖြင့်လည်း သူတို့မှာ နည်းပါးနေသေးတဲ့အတွက် ဒါတွေကိုပဲ ထပ်ကာထပ်ကာ ဝတ်ရတာကြောင့် ခပ်နွမ်းနွမ်း အဝတ်အစားလေးတွေ ဖြစ်နေပါပြီ။
ဒီကျောင်းကို အကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ရောက်လာခဲ့ကြတဲ့ အပြစ်မဲ့တဲ့ ဒီကလေးလေးတွေက သူတို့ ရောက်ရှိလာတဲ့ နေရာမှာ အချင်းချင်း အဆင်ပြေသင့်တင့်စွာ နေထိုင်နိုင်တဲ့အတွက်တော့ စိတ်ချမ်းသာရပါတယ်လို့လည်း ဆရာတော်က ပြောပါတယ်။
“ကလေးတွေထဲမှာ တချို့က အဖွဲ့လိုက်လေးတွေ နေကြတယ်၊ တချို့ကတော့ ကိုယ့်ဘာသာကိုယ် သီးသန့်လေး အေးဆေးနေတတ်တဲ့ သူတွေကိုလည်း တွေ့ရတယ်။ အခုအချိန်ထိတော့ အပြော၊ အဆို၊ အနေအထိုင်လေးတွေကအစ ဦးဇင်းတို့ သွန်သင်တဲ့နှုန်းအတိုင်း သွားကြတယ်။ နောက်ပြီး သူတို့လေးတွေက အချင်းချင်း အဆင်ပြေ သင့်မြတ်ကြတယ်၊ ရန်ဖြစ်တာတွေ ဘာတွေလည်း မရှိကြဘူး။ ခိုးတာဝှက်တာ အဲဒီလိုမျိုးလေးတွေလည်း မရှိကြပါဘူး” လို့ ပြောပါတယ်။
ဒီအပြစ်ကင်းစင်လှတဲ့ ကလေးလေးတွေက လူ့လောကကို ရောက်ရှိလာစဉ်မှာပဲ ဆိုးရွားလှတဲ့ လောကဓံရဲ့ ရိုက်ခတ်မှုတွေကို ခံစားခဲ့ရသလို၊ မိဘမေတ္တာကို ရရှိခံစားခွင့်မရခဲ့ကြတဲ့ သနားစရာကောင်းလွန်းလှတဲ့ ကလေးလေးတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ရှင်သန်ရာဘဝတစ်လျှောက်မှာ သူစိမ်းတွေရဲ့ ကျွေးမွေး စောင့်ရှောက်မှုနဲ့အတူ သူတို့ဘဝကိုယ် သူတို့ကိုယ်တိုင် ထိန်းကျောင်းရင်း သတ္တိရှိစွာ၊ ခံနိုင်ရည်ရှိစွာ ရှေ့ဆက် နေကြရသူတွေလည်း ဖြစ်ပါတယ်။
“ဦးဇင်းတို့ဆီကို ရောက်လာတဲ့ အငယ်ဆုံး ကလေးလေးက အခုဆိုရင် ငါးလအရွယ်ပေါ့။ သူက ဒီကို သုံးလ အရွယ်လောက်မှာ ရောက်လာတာ။ သူ့ကို ပန်းဆိုးတန်း တံတားနားမှာ မွေးတယ်လို့ သိရတယ်။ မွေးပြီးသူ့အမေနဲ့ ရထားဘူတာရုံရှေ့က ပလက်ဖောင်းနားမှာ နေတယ်။ အဲဒါကိုတွေ့တဲ့သူက ဦးဇင်းတို့ဆီ အကြောင်းကြားတော့ အဲဒီနေရာကိုသွားပြီး ကလေးကို ခေါ်တဲ့အခါ သူ့အမေကလည်း ပေးခဲ့တယ်။ ကလေးရဲ့အမေကိုတော့ အခုစိတ်ကျန်းမာရေး ဆေးရုံကို ပို့ထားရပါတယ်” လို့ ဆရာတော်က စိတ်မကောင်းစွာနဲ့ ပြောပါတယ်။
အဲဒီလသားအရွယ် ကလေးလေးကိုတော့ အပြင်ကနေ ကလေးထိန်းငှားပြီး သေချာ အနီးကပ် စောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်လို့လည်း သိရပါတယ်။
ဒီမှန်ကင်းအမှတ် ၂ ကျောင်းမှာဆိုရင် တိုင်းရင်းသား စုံကလေးတွေ များစွာရှိနေပြီး၊ အများအားဖြင့်ကတော့ ပအို့ဝ်တိုင်းရင်းသားကလေးတွေ များပါတယ်။ နယ်စပ်ဒေသက ကလေးတွေလည်း ဒီကျောင်းမှာ အများဆုံးရှိနေသလို၊ အခုလက်ရှိ ဒီကျောင်းမှာ ကလေးတွေအတွက် အိပ်ရာအခက်အခဲလည်း ရှိတယ်လို့ သိရပါတယ်။
“အိပ်ရာက ခုတင်တစ်လုံးကို ကလေးနှစ်ယောက်၊ သုံးယောက်အိပ်နေရတာ။ တချို့ အကြီးလေးတွေဆိုရင် အောက်မှာပဲ ဒီအတိုင်း ခင်းအိပ်ရတာမျိုးတွေလည်း ရှိပါတယ်။ အိပ်ရာနေရာ အခက်အခဲတော့ ရှိနေတယ်။ဦးဇင်းတို့ရဲ့အနာဂတ်ကို ဒီကလေးလေးတွေနဲ့ ကုန်ဆုံးချင်ပါတယ်။ သူတို့အတွက်ပဲ မြှုပ်နှံထားတယ်။ အခုလို ကလေးဘဝကနေ အရွယ်ရောက်တဲ့အချိန်ထိ၊ သူတို့ဘဝကို သူတို့ ရပ်တည်လာနိုင်တဲ့အချိန်ထိ ဦးဇင်းတို့ဘက်ကတော့ တတ်နိုင်သလောက် စောင့်ရှောက်ပေးသွားမှာပါ” လို့ ဆရာတော်က ဆက်လက်မိန့်ပါတယ်။
ဒီမှန်ကင်း အမှတ် (၂) ကျောင်းက သာကေတမြို့နယ်မှာရှိတဲ့ မှန်ကင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းရဲ့ ကျောင်းခွဲတစ်ခုဖြစ်ပြီး၊ မှန်ကင်း (၁) ကျောင်းမှာတော့ ကလေးအယောက် ၆၀ ကျော် ရှိပါတယ်။ အဲဒီကျောင်းမှာတော့ ငယ်စဉ်ကတည်းကနေ ကျွေးမွေးစောင့်ရှောက်လာခဲ့ပြီး၊ ဆယ်တန်းအောင်လို့ ကိုယ့်ဘဝကိုယ် ရပ်တည်လာနိုင်ပြီဖြစ်တဲ့ သူတွေလည်း များစွာရှိနေခဲ့၊ ရှိနေဆဲဖြစ်ပါတယ်။
“မှန်ကင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းကနေ ဆယ်တန်းအောင်ပြီး လုပ်ငန်းခွင် ဝင်သွားကြတဲ့သူတွေလည်း အများကြီးရှိနေပါပြီ။ တချို့ဆိုရင်လည်း အိမ်ထောင်ရက်သားတွေ ဘာတွေကျကုန်ပါပြီ။ ဦးဇင်းတို့ကိုယ်တိုင်ပဲ မင်္ဂလာဆောင်စရိတ်ကအစ အကုန်ကျခံပြီး ဆောင်ပေးလိုက်တဲ့သူတွေလည်း ရှိပါတယ်။ တချို့ကတော့ ဆယ်တန်းအောင်ပြီးတာနဲ့ ဦးဇင်းတို့နဲ့ အသိဒါယကာ ဒါယိကာမတွေရဲ့ အကူအညီနဲ့သူတို့ကို သင့်တော်တဲ့လုပ်ငန်းခွင်တွေမှာ အလုပ်သွင်းပေးထားတာမျိုးလည်း ရှိပါတယ်။ အခုက ဒီကျောင်းမှာက ကျောင်းသားဦးရေ အရမ်းများနေတော့ နောက်ထပ် မှန်ကင်း (၂) ကျောင်းခွဲကို ဒဂုံမြို့သစ် ဆိပ်ကမ်းမှာ ထပ်ဖွင့်ထားပြီး အဲ့ဒီဘက်ကို ကလေးတွေ နည်းနည်းခွဲပို့ထားရတယ်။ ဒီဘက်က ကျောင်းမှာက အလှူရှင်တွေ များပေမယ့်လည်း မှန်ကင်း (၂) ကိုတော့ သိတဲ့သူလည်း နည်းနေသေးတော့ အလှူရှင် သိပ်မရှိသေးဘူးဖြစ်နေတယ်။ ဒီဘက်ကနေလည်း လိုအပ်တာတွေကို တတ်နိုင်သလောက် ပံ့ပိုးပေးနေပါတယ်” လို့ မှန်ကင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော်ဘဒ္ဒန္တကဝိန္ဒက မိန့်ကြားပါတယ်။
တခြားမိဘမဲ့ကလေးကျောင်းတွေနဲ့ ခြားနားစွာ ကလေးတွေကို ဦးဆံမုတ်ပုံစံလေးတွေ ဆင်တူ လုပ်ပေးထားတာကလည်း တခြားပြင်ပက ကလေးတွေ ကျောင်းထဲကို ဝင်လာတတ်တဲ့အတွက် ကိုယ့်ကျောင်းက ကလေးတွေမှန်း အလွယ်တကူ သိရှိနိုင်စေဖို့အတွက် လုပ်ပေးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
အပြစ်မဲ့ကလေးတွေအတွက် သူတို့ဘဝလေးတွေ ကောင်းမွန်စွာရှင်သန်နိုင်ဖို့၊ ကိုယ့်ဘဝကိုယ် ရပ်တည်လာနိုင်တဲ့အထိ စောင့်ရှောက်ပေးနေတဲ့ ဒီလိုခိုလှုံရာနေရာလေးတွေ များစွာရှိနေပါတယ်။ ဒီလိုနေရာတွေ ရှိနေခြင်းကပဲ ကံဆိုးမှုတွေကြားထဲကနေ ဒီလိုကလေးတွေအတွက် ကံကောင်းမှုတစ်ခုလို့ ပြောရလေမလားမသိတော့။ ဘယ်လိုပင်ဖြစ်စေ အပြစ်မဲ့ကလေးတွေရဲ့ခိုလှုံရာနေရာတွေမှာ အပူပင်ကင်းစွာဆော့ကစား၊ စာသင်ကြားနေ ကြရပေမယ့်လည်း သူတို့လေးတွေရဲ့ မျက်ဝန်းတွေထဲမှာတော့ မေတ္တာငတ်မွတ်နေတဲ့ အရိပ်အယောင်တွေကို အထင်းသားတွေ့မြင်ရမှာပါ။ သူတို့ကို စေတနာမေတ္တာရှိစွာနဲ့ လာရောက်လှူဒါန်းပေးကြမယ့် အလှူရှင်တွေများစွာရှိမှလည်း သူတို့ဘဝလေးတွေကို ကောင်းမွန်စွာ ရှေ့ဆက်နိုင်မှာ ဖြစ်တာကြောင့် နွေးထွေးတဲ့စာနာမှုများစွာနဲ့ တတ်နိုင်သမျှ လှူဒါန်းရင်း မေတ္တာတွေ မျှဝေပေးကြဖို့ ဆန္ဒပြု ရေးသားလိုက်ပါတယ်။