၂၀၁၆ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၁၈၄၈ ဘီလျံကျော် ခွင့်ပြုထားပြီး အစိုးရသစ်လက်ထက် ခြောက်လအတွင်း ကျပ် ၂၂၃ ဘီလျံကျော် ရင်းနှီးမြှုပ်နှံခြင်းဖြစ်

၂၀၁၆ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၁၈၄၈ ဘီလျံကျော် ခွင့်ပြုထားပြီး အစိုးရသစ်လက်ထက် ခြောက်လအတွင်း ကျပ် ၂၂၃ ဘီလျံကျော် ရင်းနှီးမြှုပ်နှံခြင်းဖြစ်
Published 13 October 2016
စည်သူအောင်

၂၀၁၆ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၁၈၄၈ ဘီလျံကျော် ခွင့်ပြုထားပြီး ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ပို့ဆောင်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတို့တွင် အများဆုံး မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၂၁၄ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားခြင်းဖြစ်ပြီး စုစုပေါင်း ပမာဏ ကျပ် ၁၁၈၄၈၄၇၇ ဒသမ ၄၄၈ သန်း (ကျပ် ၁၁၈၄၈ ဘီလျံကျော်) ရှိခြင်းဖြစ်သည်။ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ကျပ် ၂၄၀၇ ဒသမ ၇၄ ဘီလျံ (လုပ်ငန်း ၇၃၉ ခု)၊ အိမ်ခြံမြေဖွံ့ဖြိုးရေး ကဏ္ဍတွင် ကျပ် ၂၁၄၈ ဒသမ ၀၃ ဘီလျံ (လုပ်ငန်း ၅၈ ခု)၊ ပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၁၉၁၂ ဒသမ ၁၁ ဘီလျံ (လုပ်ငန်း ၄၀ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် ကျပ် ၁၃၀၂ ဒသမ ၈၁ ဘီလျံ (လုပ်ငန်း ၉၇ ခု)၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ကျပ် ၉၄၂ ဒသမ ၅၆ ဘီလျံ (လုပ်ငန်း ၆၈ ခု) တို့ဖြစ်သည်။ထို့ပြင် စက်မှုဖွံ့ဖြိုးရေး ကဏ္ဍတွင် ကျပ် ၅၇၅ ဒသမ ၃၀ ဘီလျံ (လုပ်ငန်းကိုးခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၄၅၆ ဒသမ ၆၈ဘီလျံ (လုပ်ငန်း ၁၀ ခု)၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် ကျပ် ၁၃၇ ဒသမ ၀၃ ဘီလျံ (လုပ်ငန်း ၆၃ ခု)၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ကျပ် ၆၆ ဒသမ ၇၆ ဘီလျံ (လုပ်ငန်း ၇၀ ခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၅၀ ဒသမ ၇၁ ဘီလျံ (လုပ်ငန်း ၈ ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၁၈၄၈ ဒသမ ၆၉ ဘီလျံ (လုပ်ငန်း ၅၂ ခု) ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်)အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိပြီး အစိုးရသစ် တက်ရောက်ပြီး ခြောက်လတာ ကာလအတွင်း ကျပ် ၂၂၃ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရရှိရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့် ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာပုံစံ ဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။ပြည့်စုံသော အဆိုပြုလွှာများကို အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်းအဝေးသို့ တင်ပြဆွေးနွေခြင်း၊ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ အစည်းအဝေးမှ အတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာ တင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့် အဆိုပြုလွှာနှင့် ပတ်သက်၍ ကော်မရှင်ရုံးအဖွဲ့က သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ သဘောထား၊ သက်ဆိုင်ရာဝန်ကြီးဌာန သဘောထားများ တောင်းခံခြင်း၊ သဘောထားမှတ်ချက် ပြည့်စုံပါက မြန်မာနိုင် ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အစည်းအဝေးသို့ အဆိုပြုချက်ကို တင်ပြဆွေးနွေးခြင်း၊ MIC အစည်းအဝေးမှ ခွင့်ပြုကြောင်း ဆုံးဖြတ်ပါက ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုမိန့်ထုတ်ပေးကြောင်း သိရသည်။