ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ကြောင်း အဖွဲ့ချုပ် ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ကြောင်း အဖွဲ့ချုပ် ထုတ်ပြန်
Published 10 October 2016
ငြိမ်းဇော်လင်း

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုကော်မတီ အဖွဲ့ဝင်အဖြစ်မှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အောက်တိုဘာ ၁၀ ရက်က ကြေညာချက် ထုတ်ပြန်သည်။
နေပြည်တော်တွင် အောက်တိုဘာ ၉ ရက်ကပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိုသို့တာဝန် ပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ အရန်ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်စိုးကိုလည်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးကြောင်းလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထားပြီး ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာဇော်မြင့်မောင်တို့က အတွင်းရေးမှူး အဖွဲ့ဝင်များအဖြစ် တာဝန်ယူထားကာ အဖွဲ့ဝင်များအဖြစ် ဦးအုန်းကြိုင်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးကျော်ခင်၊ ဦးညီပု၊ ဒေါက်တာမျိုးအောင်၊ ဒေါက်တာအောင်မိုးညို၊ မန်းဂျော်နီ၊ ဦးဖြိုးမင်းသိန်းနှင့် ဦးအောင်စိုးတို့ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် လှည်းကူးမဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခြင်း ခံရသူ တစ်ဦးဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ အရည်အချင်း သတ်မှတ်ချက်များနှင့် ယခုကဲ့သို့ ခန့်အပ်နိုင်ခြင်း ရှိ မရှိနှင့် ပတ်သက်၍ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက “အဓိကကတော့ ကျွန်တော်တို့ပါတီဝင် ဖြစ်ရပါမယ်။ ပါတီဝင်ဖြစ်ပြီးတော့ ပါတီပေါ်မှာ ယုံကြည်စိတ်ချရတဲ့ပုဂ္ဂိုလ်၊ နိုင်ငံရေးအရ ယုံကြည်ရတဲ့ပုဂ္ဂိုလ် ဒါမျိုးပါပဲ။ အခုလို ခန့်လို့ရပါတယ်။ ဗဟိုကော်မတီမှာ အတည်ပြုလိုက်ရင် ရပါတယ်။ ကျွန်တော်တို့ အခု ခန့်လိုက်တယ်။ လာမယ့် ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြအတည်ပြုချက် ယူလိုက်မှာပါ။ အရင်လူတွေလည်း ဒီလိုပဲလုပ်ပါတယ်” ဟု ဖြေကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံနှင့် နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များအရ အခန်း (၃) ဖွဲ့စည်းပုံတွင် ‘အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအဆင့်ဆင့်ကို အောက်ပါအတိုင်း ဖွဲ့စည်းသည်။ (က) အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး။ (ခ) ဗဟိုကော်မတီ၊ (ဂ) ဗဟိုကော်မတီက တင်မြှောက်သော ဗဟိုအလုပ် အမှုဆောင်အဖွဲ့။ ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွင် (ကက) ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ပါဝင်မည်။ (ခခ) ဗဟိုအလုပ်အမှုဆောင် အဖွဲ့က တင်မြှောက်သော သဘာပတိ အဖွဲ့ရှိမည်။ ယင်းအဖွဲ့ကို နာယကက ဦးဆောင်မည်။ (ဂဂ) တိုင်းဒေသကြီး/ပြည်နယ် အလုပ်အမှုဆောင် အဖွဲ့များ။ (ဃဃ) ခရိုင် အလုပ်အမှုဆောင် အဖွဲ့များ။ (ငင) မြို့နယ် အလုပ်အမှုဆောင် အဖွဲ့များ။ (စစ) ရပ်ကွက်/ကျေးရွာအုပ်စု အလုပ်အမှုဆောင်အဖွဲ့များ။ မှတ်ချက်။ ။ မူအားဖြင့် အထက်အောက် အဖွဲ့အစည်းများကို ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ရမည် ဖြစ်သော်လည်း အခြေအနေအရ အရေးပေါ် ဖွဲ့စည်းရန် လိုအပ်ပါက ဒီမိုကရေစီနည်းကျကျ ညှိနှိုင်းမှုဖြင့် ဖွဲ့စည်းသွားမည်။ (ဆဆ) ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့။ (ဇဇ) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့’ ဟု ဖော်ပြထားသည်။
လာမည့် ဗဟိုကော်မတီ အစည်းအဝေးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုကော်မတီ အစည်းအဝေးကို ခြောက်လတစ်ကြိမ် ပြုလုပ်လျက်ရှိပြီး ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက် အစည်းအဝေးကို ၂၀၁၅ ခုနှစ် ဇွန် ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ရန်ကုန်မြို့တွင် နောက်ဆုံးကျင်းပခဲ့သည်။
 

Most Read

Most Recent