အစိုးရ အကျပ်အတည်း ဖြစ်စေမည့် မေးခွန်းများ မေးမြန်းခြင်း မပြုရန် လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားထားခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

အစိုးရ အကျပ်အတည်း ဖြစ်စေမည့် မေးခွန်းများ မေးမြန်းခြင်း မပြုရန် လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားထားခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 7 October 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အစိုးရ အကျပ်အတည်းဖြစ်စေမည့် မေးခွန်းများ မေးမြန်းခြင်း မပြုရန် လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားထားခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အောက်တိုဘာ ၇ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အောက်တိုဘာ ၄ ရက်က လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိ ခန်းမတွင် တွေ့ဆုံစဉ် အစိုးရ အကျပ်အတည်း ဖြစ်စေမည့် မေးခွန်းများ မေးမြန်းခြင်း မပြုရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု သတင်းထွက် ဖော်ပြမှုများနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဦးဝင်းမြင့်က ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။“ကျွန်တော်တို့ ပြောတာက အစိုးရကို အကျပ်အတည်း ဖြစ်စေမယ့် မေးခွန်း မမေးနဲ့လို့ ပြောတာ မရှိဘူး။ ဒါပေမဲ့ ကိုယ်စားလှယ်တွေကို ရင်းနှီးတဲ့ အခါမှာ ကိုယ်စားလှယ်တွေ မေးတာကို သူတို့က လာပြီးတော့ ကျွန်တော်က အတွေ့အကြုံရှိတဲ့ အခါကျတော့ တချို့ကလည်း ဆရာရဲ့၊ တချို့ကလည်း အန်ကယ်ရဲ့ဆိုပြီး လာပြောတာရှိတယ်။ ပြောတဲ့အခါကျတော့ ကျွန်တော်က သူတို့ကို နည်းမှန်းလမ်းမှန်ဖြစ်အောင် ပြောတာတော့ ရှိတယ်။ ဥပမာ ကျွန်တော်ပြောပြမယ်။ မနေ့တစ်နေ့က မီးရထားကိစ္စ (ဖြူး) ဦးသန်းညွန့် မေးသွားတယ်။ ကျွန်တော် မှတ်မိပါတယ်။ မြန်မာ့မီးရထားကို နိုင်ငံတကာ အဆင့်မီအောင် စွမ်းရည်မြှင့်တင်ပေးဖို့။ ကျွန်တော် ပြောပြတယ်။ မီးရထားကို ဒီထက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးဖို့ စွမ်းရည်မြှင့်တင်ဖို့ အစိုးရကို တိုက်တွန်းကြောင်း ဒါဆို ကောင်းတယ်။ ဒီထက် ပိုကောင်းသွားတာပေါ့။ စီးတာရော ဘာရော။ နိုင်ငံတကာ အဆင့်မီအောင်ဆိုတဲ့ အတွက်ကြောင့် ဒီအဆိုက ဝန်ကြီးဌာနက တွက်ကြည့်လေ၊ နိုင်ငံတကာ အဆင့်မီအောင်ဆိုတော့ ဘယ်လိုမီမလဲ။ ကိုယ့်တိုင်းပြည် အခြေအနေနဲ့ လောလောလတ်လတ်ကြီးကို။ အဲဒီတော့ ဒီလိုမေးခွန်းမျိုးတွေကျတော့ သတိထားသင့်တယ်။ သူတို့က ကျွန်တော့်ဆီ အကြံဉာဏ် လာလာတောင်းတဲ့ အခါကျတော့ ကျွန်တော်က ရှင်းပြတာ။ ဒါက အကျပ်အတည်းဖြစ်အောင် ပြောတာနဲ့ မဆိုင်ဘူး။ မတူဘူး။ ပိတ်ပင်တာ မဟုတ်ဘူး။ သူတို့ လာမေးတဲ့ အခါမှာ အခြေအနေကို ဒါမျိုးတွေ အများကြီး ရှိတယ်။ ကိုယ်စားလှယ်တွေက သူတို့ဟာကို သိပ်ပြီး ကြီးကျယ်ခမ်းနားချင်တော့ ရေးလိုက်တာပေါ့။ ဒါပေမဲ့ နိုင်ငံရေးဆိုတာ အားလုံးသိတဲ့အတိုင်း ဖြစ်နိုင်ခြေကို လုပ်ရတာ။ Politics Possible လေ။ မဖြစ်နိုင်ခြေကြီး သွားမေးလို့ အစိုးရက ငြင်းမှာပဲ။ သူတို့ မေးခွန်းတွေ အဆိုတွေ ပိုကောင်းသထက် ကောင်းပြီးတော့ သူတို့ လာတိုင်ပင်လို့ ကျွန်တော်ပြောတာပါ။ အကျပ်ကိုင်တာ မရှိဘူး။ နိုင်ငံတကာ အဆင့်မီအောင်ဆိုတော့ တွက်ကြည့်လေ။ အာရှပဲ မီအောင်လုပ်ဦး ကျွန်တော် အဲဒီအတိုင်းပဲ ပြောလိုက်တာပါ။ အာရှပဲ မီအောင်လုပ်ဦး။ မေးလိုက်တဲ့ အဆိုကြီးက နိုင်ငံတကာ အဆင့်မီအောင်ဆိုတော့ ဟိုက ငြင်းတော့မှာပဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကိုယ်ကတော့ ကိုယ့်အဆိုကို ကြီးကျယ်ခမ်းနားချင်တာပေါ့။ ဒါပေမဲ့ အစိုးရက လုပ်မပေးနိုင်တဲ့ အခါကျတော့ ကိုယ့်အဆို မအောင်မြင်ဘူးပေါ့။ ဒါမျိုးကို သူတို့ လာတိုင်ပင်တဲ့အခါ ကျွန်တော်က ရှင်းပြတာပဲ။ ကျွန်တော်တို့ ပိတ်တာ ဘာမှ မရှိဘူး” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။အောက်တိုဘာ ၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီထိပ်ပိုင်း ခေါင်းဆောင်များ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဦးဝင်းထိန်တို့ တက်ရောက်ခဲ့ပြီး ကိုယ်စားလှယ်များအား အစိုးရ အကျပ်အတည်း ဖြစ်စေမည့် မေးခွန်းများ မေးမြန်းခြင်း မပြုရန် မှာကြားခဲ့သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ယင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “ပြီးခဲ့တဲ့ ရက်ပိုင်းက ဥက္ကဋ္ဌကြီးနဲ့ အန်ကယ် ဦးဝင်းထိန် အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို အစိုးရကို အကျပ်အတည်း ဖြစ်စေမယ့် မေးခွန်းတွေ၊ အဆိုတွေ မမေးဖို့ မှာကြားလိုက်တယ် ဆိုပြီးတော့ လွှတ်တော်ကိုယ်စားလှယ် အချို့က ကျွန်တော်တို့ကို ပြန်ပြောပြတာ ရှိပါတယ်။ အဲဒီတော့ ဘာကြောင့် အဲဒီလို မှာကြားရလဲဆိုတာ သိချင်ပါတယ်ခင်ဗျ” ဟု သတင်းစာ ရှင်းလင်းပွဲ အစပိုင်းတွင် မေးမြန်းသည်။ထိုသို့ မေးမြန်းမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “ကျွန်တော်တို့ အခု မီဒီယာတွေနဲ့ တွေ့ဆုံပွဲဟာ လွှတ်တော်ကိစ္စကိုပဲ ပြောမှာဖြစ်တယ်။ ဘာဖြစ်လို့လဲ။ ကျွန်တော် လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ အခုလုပ်တယ်။ နောက်တစ်ခုက လွှတ်တော်ရဲ့ အခန်းထဲမှာ လုပ်တာဖြစ်တယ်။ လွှတ်တော်ရဲ့ အဆောင်အယောင်နဲ့ ကျွန်တော်တို့ လုပ်တယ်။ ဒါကြောင့်မို့ လွှတ်တော်ကိစ္စပဲ ကျွန်တော်ပြောမယ်။ ဒီဟာက ကျွန်တော်တို့က ပါတီကိစ္စလာပြောတာ မဟုတ်ဘူး။ ဒါကတော့ ကျွန်တော် စည်းခြားမယ်” ဟု ပြန်လည်ဖြေကြားသည်။