အန်အယ်ဒီ ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှု စာရင်းများ ပါတီတွင် ချိတ်ပိတ်သိမ်းဆည်းထားပြီး ထုတ်ပြန်ကြေညာမည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

အန်အယ်ဒီ ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှု စာရင်းများ ပါတီတွင် ချိတ်ပိတ်သိမ်းဆည်းထားပြီး ထုတ်ပြန်ကြေညာမည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 7 October 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အန်အယ်ဒီ ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှု စာရင်းများအား ပါတီတွင် ချိတ်ပိတ်သိမ်းဆည်းထားပြီး ထုတ်ပြန်ကြေညာမည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။ဒုတိယအကြိမ်လွှတ်တော် ပုံမှန်အစည်းအဝေးများ ပြီးစီးသည့် အောက်တိုဘာလ ၇ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အား ဖြေကြားခဲ့ခြင်းဖြစ်သည်။သတင်းထောက်တစ်ဦးက “ဥက္ကဋ္ဌကြီး အနေနဲ့ ပြီးခဲ့တဲ့ လွှတ်တော်တုန်းက အစိုးရအဖွဲ့ ပိုင်ဆိုင်မှု ထုတ်ပြန်ကြေညာဖို့ ဆိုတာမျိုး အဆိုတင်ပြီးတော့ တွန်းတွန်းတိုက်တိုက် ပြောတာ ရှိပါတယ်။ အခု ဥပဒေပြုရေးအာဏာ လက်ထဲရောက်နေပြီ။ အဲ့ဒီတုန်းက ပြန်ဖြေတာက ဥပဒေအချို့ ပြင်ရမယ်လို့ ဖြေထားတာ ရှိပါတယ်။ အခု လုပ်တော့မှာလား။ဘယ်လိုလုပ်မှာပါလည်း” ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “အဲ့ဒီကိစ္စက ကျွန်တော်တို့အနေနဲ့ ထပ်တောင်းဖို့တောင် မလိုတော့ပါဘူး။ ကျွန်တော်တို့ Candate တွေ ခေါ်ကတည်းကိုက မှတ်မိမလား မသိဘူး။ ကိုယ်စားလှယ်လောင်းတွေ ခေါ်ကတည်းကိုက စာရင်းတွေ အကုန်တောင်းထားပြီးသား။ တောင်းပြီးတဲ့ အခါမှာ နိုင်တဲ့ကိုယ်စားလှယ် ရှိတယ်။ ရှုံးတဲ့ ကိုယ်စားလှယ် ရှိတယ်။ ရှုံးတဲ့ ကိုယ်စားလှယ်တွေကို ပြန်ပေးလိုက်တယ်။ နိုင်တဲ့ ကိုယ်စားလှယ်တွေရဲ့ စာရင်းတွေကိုတော့ ကျွန်တော်တို့ ပါတီ ဥက္ကဋ္ဌဆီမှာ အခုထိ ချိတ်ပိတ် သိမ်းထားတယ်။ စာရင်းတွေက ရပြီးသားပါ။ မရတဲ့သူ မရှိဘူး။ ဒါကြောင့်မို့ ဒီအတွက်က ဥပဒေပြင်သည်ဖြစ်စေ မပြင်သည်ဖြစ်စေ။ ထပ်ပြီးတောင်းစရာ မလိုပါဘူး။ အဲ့တုန်းက ကိုယ်စားလှယ်လောင်း ၃၀၀၀ လောက်ဆီက စာရင်းတွေ ယူထားခဲ့တာပါ” ဟု ဖြေကြားခဲ့သည်။ထိုကဲ့သို့ ဖြေကြားမှုအပေါ်တွင် ဆက်စပ်မေးခွန်းအဖြစ် အများပြည်သူကို ထုတ်ပြန်ဖို့ ရှိပါသလား ဆက်လက်မေးမြန်းခဲ့ရာ ဦးဝင်းမြင့်က “အများပြည်သူကို ထုတ်ပြန်ပေးဖို့ ဆိုတာက ကျွန်တော်ပြောပြမယ်။ တစ်ချို့က အဲ့ဒါကို နားလည်မှု လွဲနေတယ်။ ဥပဒေ သဘောတရား အရကို။ ဥပဒေမှာ ပြဌာန်းထားတာက အများပြည်သူကို ထုတ်ပြန်ပေးရမယ်လို့ မပါဘူး။ အားလုံး ပြန်ကြည့်လိုက် ဥပဒေကို။ တောင်းထားရမယ်။ ယူထားရမယ်။ အများပြည်သူကို ထုတ်ပြန်လိုက်တော့ ဘာဖြစ်လည်းဆိုတော့ အခုအခြေအနေ ကြည့်လေ။ အခုကာလဒေသကို ကြည့်။ အဲ့ဒီ ကိုယ်စားလှယ်တွေ အတွက် ရာဇဝတ်မှုကို ဖိတ်ခေါ်သလို ဖြစ်နေမှာပေါ့။ ဟုတ်ဘူးလား။ အိမ်ဖောက်ခံရတာတို့၊ လုယက်ခံရတာတို့၊ ဓါးပြတိုက်ခံရတာတို့ ဖြစ်သွားမှာပေါ့။ ဒါကြောင့်မို့ နဂိုကတည်းကိုက မူလရည်ရွယ်တဲ့ ဥပဒေကိုက ပေးဖို့ပဲ။ ပေးပြီး ကိုယ်က သိမ်းထားရမယ်” ဟု ပြောကြားခဲ့သည်။ဆက်လက်၍ “တိုင်တာ တောတာ ရှိလာပြီ။ မသင်္ကာဘူး၊ အဂတိ တစ်ခုခု ရှိမယ်။ အကြောင်းကြီးငယ် တစ်ခုခု ရှိမယ်။ မသင်္ကာဘူး ဆိုရင်တော့ အိပ်ကို ဖွင့်ဖောက်စစ်ပစ်လိုက်မယ်။ လက်ရှိ အနေအထားနဲ့။ ဒါပဲလေ။ အများပြည်သူကို ထုတ်ပြန်လိုက်တော့ အခုနပြောသလို တစ်နိုင်ငံလုံးက ကောင်းတဲ့သူလည်း သိမယ်။ ဆိုးတဲ့လူလည်း သိမယ် ဆိုတော့ သူတို့အတွက်လည်း စဉ်းစားပေးရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ နိုင်ငံသား အခွင့်အရေးမှာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပစ္စည်းဥစ္စာ လုံခြုံမှုနဲ့ ပိုင်ဆိုင်မှုကို အကာအကွယ်ပေးရမယ့် တာဝန် ရှိတယ်လေ။ အခုဟာက ကျွန်တော်တို့က လုံခြုံမှု မပေးဘဲနဲ့ ထုတ်ပြန်ပေးလိုက်မယ် ဆိုတော့ ဘယ်လိုပြောရမလဲ။ ရာဇဝတ်မှုကို လက်ယပ်ခေါ်သလို ဖြစ်သွားမှာပေါ့။ ဒါပေမယ့် လုပ်ထားတာကတော့ ဥပဒေနဲ့အညီ လုပ်ထားပါတယ်” ဟု ဦးဝင်းမြင့်က ပြောကြားခဲ့သည်။