ဟေတီနိုင်ငံသို့ ဟာရီကိန်း မက်သယူး ဝင်ရောက်ခဲ့ရာ၌ လူပေါင်း ၁၀၈ ဦးထက်မနည်း သေဆုံး

ဟေတီနိုင်ငံသို့ ဟာရီကိန်း မက်သယူး ဝင်ရောက်ခဲ့ရာ၌ လူပေါင်း ၁၀၈ ဦးထက်မနည်း သေဆုံး
Published 7 October 2016
ဟေတီနိုင်ငံ လက်စ်ကေယက်စ်သို့ ဟာရီကိန်းမက်သယူး ဝင်ရောက်ပြီးနောက် အောက်တိုဘာ ၆ ရက်တွင် နေအိမ် အပျက်အစီးများကို တွေ့ရစဉ် (Photo: AP)

ဟေတီနိုင်ငံသို့ ဟာရီကိန်းမက်သယူး ဝင်ရောက်ခဲ့ရာ လူပေါင်း ၁၀၈ ဦးထက်မနည်းသေဆုံးပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ကြောင်း ဟေတီအာဏာပိုင်များက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။“အနေအထားက အလွန်ကို ဆိုးရွားပါတယ်။ အနေအထားက အလွန်စိုးရိမ်ရပါတယ်”  ဟု ဟေတီသမ္မတ ဂျိုဆယ်လာမီပရိုင်းဗက်က ပြောကြားခဲ့သည်။ပြည်ထဲရေးဝန်ကြီး ဖရန်ဆွာအန်နစ်ဂျိုးဆက်က သေဆုံးသူ အရေအတွက်ကိုအတည်ပြုခဲ့သည်။ အောက်တိုဘာ ၆ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ဟေတီအာဏာပိုင်များက နေအိမ်ပေါင်း ၂၈,၀၀၀ ပျက်စီးကြောင်းနှင့် ယင်းသည် ကနဦးတွက်ချက်မှုအဆင့်၌သာ ရှိသေးကြောင်း ပြောကြားခဲ့သည်။ဟေတီနိုင်ငံက ပျက်စီးဆုံးရှုံးမှုစာရင်းများကို စတင်ပြုလုပ်နေပြီဖြစ်ပြီး နိုင်ငံတကာ အကူအညီများအားလုံး ဟေတီအစိုးရမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်ကြရန် အာဏာပိုင်များက ပြောကြားခဲ့သည်။ဟေတီဝန်ကြီးများသည် အောက်တိုဘာ ၆ ရက်တွင် ထိခိုက်ပျက်စီးမှုများကို လေ့လာရန်အတွက် ရဟတ်ယာဉ်များ၊ SUVS များဖြင့် နိုင်ငံတစ်လွှားသို့ သွားရောက်ခဲ့ကြသည်။ လူပေါင်း ၂၁,၀၀၀ ကျော်သည် အကာအကွယ်များအတွင်း နေထိုင်နေရဆဲဖြစ်ကြောင်း အရပ်ဘက် ကာကွယ်စောင့်ရှောက်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ အဂ္ဂါဆယ်လက်စတင်က ပြောကြားခဲ့သည်။ သေဆုံးသူအရေအတွက်နှင့် ပျက်စီးဆုံးရှုံးမှု ပမာဏသည် မြင့်တက်လာဖွယ် ရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent