ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြန်လည် အသက်သွင်းရန် ကိုလံဘီယာ သမ္မတက အတိုက်အခံနှင့် တွေ့ဆုံ

ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြန်လည် အသက်သွင်းရန် ကိုလံဘီယာ သမ္မတက အတိုက်အခံနှင့် တွေ့ဆုံ
Published 6 October 2016

အောက်တိုဘာ ၅ ရက်တွင် ကိုလံဘီယာသမ္မတ ဟွမ်မန်နျူယယ်ဆန်းတို့စ်က FARC သူပုန်များနှင့် ငြိမ်းချမ်းရေးရရန် နီးစပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း သူ၏ ထိပ်တန်းအတိုက်အခံက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင်များက ပယ်ချခဲ့သော အားနည်းသည့် သဘောတူညီချက်ကို အလုံးစုံ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းသည့် အနေဖြင့် ဆန်းတို့စ်က သူ၏ရှေ့မှ သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ အယ်ဗာရိုအူရီဘေးနှင့် တွေ့ဆုံခဲ့သည်။ အူရီဘေးက ဆန်းတို့စ်အား FARC သူပုန်များနှင့် စေ့စပ်ညှိနှိုင်းခဲ့မှုအတွက် သစ္စာဖောက်ဟု တံဆိပ်ကပ်ခဲ့သည်။
မာ့က်စ်ဝါဒီ ပြောက်ကျားသူပုန်များနှင့် ရာစုနှစ်ထက်ဝက်ကြာ ပဋိပက္ခကို အဆုံးသတ်စေမည့် သဘောတူညီချက် တစ်ရပ်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခဲ့ရာတွင် မမျှော်လင့်ဘဲ ရှုံးနိမ့်သွားခဲ့ပြီးနောက် အူရီဘေးနှင့် ဆန်းတို့စ်တို့အကြား တင်းမာမှုသည် ပို၍ ထင်ရှားလာခဲ့သည်။
ဆန်းတို့စ်သည် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အတိုက်အခံ ပြုနေသည့် အခြားထင်ရှားသူ တစ်ဦးဖြစ်သော ၁၉၉၈ ခုနှစ် မှ ၂၀၀၂ ခုနှစ်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ အင်ဒရေပက်စထရာနာနှင့်လည်း သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
“ကိုလံဘီယာမှာ ငြိမ်းချမ်းရေးရဖို့ နီးစပ်နေပါပြီ။ ဒါကို ကျွန်တော်တို့ ရယူနိုင်ပါလိမ့်မယ်” ဟု ဆန်းတို့စ်က နိုင်ငံတော် မိန့်ခွန်းတစ်ရပ်၌ ပြောကြားခဲ့သည်။
“FARC နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ချမှတ်နိုင်ဖို့သာမက အဲဒါကို အားကောင်းအောင် ပြုလုပ်ဖို့ပါ ခွင့်ပြုမယ့် လမ်းကြောင်းတစ်ရပ် ရှာဖွေဖို့ ကန့်ကွက်မဲပေးတဲ့ သူတွေနဲ့ အတူ အလုပ်လုပ်သွားဖို့ ကတိပြုပါတယ်” ဟု ဆန်းတို့စ်က ပြောကြားခဲ့သည်။
၂၀၀၂ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သော အူရီဘေးသည် လက်ယာဝါဒီ သဘောထားတင်းမာသူ တစ်ဦးဖြစ်ပြီး အံ့သြတုန်လှုပ်ဖွယ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ရလဒ်အား အဓိက အောင်ပွဲတစ်ရပ်အဖြစ် သတ်မှတ်ခဲ့သူဖြစ်သည်။
“နိုင်ငံသား ထက်ဝက်အတွက် အားနည်းတဲ့ သဘောတူညီချက်ထက် စာရင် ကိုလံဘီယာသား အားလုံးအတွက် ငြိမ်းချမ်းရေးကို ရယူဖို့က ပိုပြီး အရေးကြီးပါတယ်” ဟု အတိုက်အခံ အထက်လွှတ်တော်အမတ် အူရီဘေးက တွေ့ဆုံဆွေးနွေးပွဲပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၆ ရက်က ရေးထိုးခဲ့သော သဘောတူညီချက်သည် သူပုန်တို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် လုံး၀ အရေးမယူရန် အာမခံခဲ့ပြီး လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခဲ့သော သူပုန်များအား ရွေးကောက်ပွဲဝင်ခွင့် ရရှိစေမှုကိုလည်း ၎င်းက ဝေဖန်ခဲ့သည်။
Ref: AFP

Most Read

Most Recent