ကော်ဖီတွင် အဆိပ်ခတ် လူသတ်မှုအတွက် အင်ဒိုနီးရှား အမျိုးသမီးတစ်ဦး ထောင်ဒဏ် နှစ် ၂၀ ကျခံရနိုင်

ကော်ဖီတွင် အဆိပ်ခတ် လူသတ်မှုအတွက် အင်ဒိုနီးရှား အမျိုးသမီးတစ်ဦး ထောင်ဒဏ် နှစ် ၂၀ ကျခံရနိုင်
Published 6 October 2016

သူငယ်ချင်းဖြစ်သူ၏ ကော်ဖီခွက် အတွင်း၌ ဆိုင်ရာနိုက်အဆိပ် ခတ်ခဲ့ပြီး သတ်ခဲ့ကြောင်း စွပ်စွဲခံထားရသော အင်ဒိုနီးရှား အမျိုးသမီး တစ်ဦးအား ထောင်အနှစ် ၂၀ ချမှတ်ရန် အစိုးရရှေ့နေများက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
သြစတြေးလျတွင် အမြဲတမ်း နေထိုင်ခွင့် ရထားသူ ဂျက်စီကာကူမာလာဝမ်ဆိုက ပြီးခဲ့သည့် ဇန်နဝါရီ၌ ဖြစ်ပွားခဲ့သော ကောလိပ်ကျောင်းနေဖက် သူငယ်ချင်း ဝါရန်မီရာနာဆာလီဟင် သေဆုံးမှုအတွက် လူသတ်မှု ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။ အသက် ၂၇ နှစ်အရွယ် ဝမ်ဆိုသည် သူငယ်ချင်းဖြစ်သူ ဆာလီဟင်ကို သတ်ရန် ဆုံးဖြတ်ထားပြီး အစီအစဉ်ကို ရက်စက်စွာ ချမှတ်ထားကြောင်း အစိုးရရှေ့နေ မီလာနီဝူဝမ်က ပြောကြားခဲ့သည်။
ဓားစာခံ ဖြစ်သူ၏ အသက်ကို တစ်ခါတည်း မသတ်လိုဘဲ မသေမချင်း ဖိစီးနှိပ်စက်သည်ကို ခံစားစေရန်အတွက် ဆိုင်ရာနိုက် အဆိပ်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဝူဝမ်က ပြောကြားခဲ့သည်။ “အဆိပ်ကော်ဖီ” အမှုသည် အင်ဒိုနီးရှားတွင် အင်တာနက်၌ အလွန် ခေတ်စားခဲ့ပြီး ဝမ်ဆို၏အမှုကို ကြားနာမှုအား အချို့ရုပ်သံများက တိုက်ရိုက် ထုတ်လွှင့်ခဲ့ကြသည်။
အသက် ၂၇ နှစ်အရွယ်ပင် ဖြစ်သော ဆာလီဟင်က ဝမ်ဆိုကို မူးယစ်ဆေးသုံးစွဲနေသော ရည်းစားဖြစ်သူနှင့် လမ်းခွဲရန် အကြံပြုခဲ့ပြီးနောက် ဝမ်ဆိုသည် ဆာလီဟင်ကိုသတ်ရန် ဆုံးဖြတ်ထားကြောင်း အစိုးရရှေ့နေများက စွပ်စွဲခဲ့သည်။ ဝမ်ဆိုသည် ဆာလီဟင်ကို ကော်ဖီဆိုင်သို့ ချိန်းဆိုခဲ့ပြီး ဆာလီဟင်၏ ဗီယက်နမ်ကော်ဖီအေးထဲသို့ ဆိုင်ရာနိုက် အဆိပ် ခတ်ခဲ့ကြောင်း တရားရုံး၌ ကြားနာမှုများက ဖော်ပြခဲ့သည်။
ဆာလီဟင်သည် ယင်းကော်ဖီသောက်ပြီးနောက် လဲကျသွားခဲ့ပြီး တစ်ကိုယ်လုံး အပြင်းအထန် လှုပ်ခါခဲ့သည်။ ယင်းနောက် ဆေးရုံသို့ ရောက်ပြီး မကြာမီ သေဆုံးသွားခဲ့သည်။ ကော်ဖီခွက် အတွင်းသို့ အဆိပ်ခတ်သည်ကို စီစီတီဗွီ လုံခြုံရေး ကင်မရာ ရိုက်ကူးမှုအား ရှောင်ရှားရန်အတွက် ဝမ်ဆိုသည် စားပွဲပေါ်တွင် အိတ်များချထား၍ ဖုံးကွယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဝမ်ဆိုက ယင်းကဲ့သို့ အိတ်များချထားမှု အပါအဝင် ထိုနေ့က အခြား ဖြစ်ရပ်များနှင့် ပတ်သက်၍ အသေးစိတ်များကို မမှတ်မိနိုင်တော့ကြောင်း တရားရုံးကို ပြောကြားခဲ့သည်။ တရားခံ၏ ရှေ့နေအဖွဲ့က ၎င်းတို့၏ အမှုသည်အပေါ် စွပ်စွဲချက်များသည် အားနည်းပြီး အပြစ်ရှိကြောင်း ထင်ရှား ပြသရန်အတွက် သက်သေအထောက်အထား မရှိဟု အခိုင်အမာ ပြောကြားခဲ့သည်။ ဇွန်လက ရုံးတင်စစ်ဆေးမှုများ စတင်ခဲ့ပြီးနောက် တရားခံရှေ့နေ အဖွဲ့က မှုခင်းစုံစမ်းစစ်ဆေးမှု ကျွမ်းကျင်သူ သုံးဦးကို ဆင့်ခေါ်ခဲ့ပြီး ဆာလီဟင် သေဆုံးမှုသည် ဆိုင်ရာနိုက် အဆိပ်သင့်မှုကြောင့်ဖြစ်ကြောင်း သက်သေမရှိဟု ကြားနာထားသည်။ ယမန်နှစ်ကအထိ ဆစ်ဒနီတွင် နေထိုင်ခဲ့သော ဝမ်ဆိုသည် ဆာလီဟင်နှင့်အတူ ဒီဇိုင်းကောလိပ်တစ်ခု၌ ပညာသင်ကြားခဲ့သည်။
Ref: AFP

Most Read

Most Recent