နိုင်ငံတကာ အလှူရှင်များက အာဖဂန်ကို ဒေါ်လာ ၁၅ ဘီလျံ ကူညီပေးမည်ဟု ကတိပြု

နိုင်ငံတကာ အလှူရှင်များက အာဖဂန်ကို ဒေါ်လာ ၁၅ ဘီလျံ ကူညီပေးမည်ဟု ကတိပြု
တာလီဘန်များနှင့် အာဖဂန် တပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများကြောင့် အောက်တိုဘာ ၅ ရက်က ကန်ဒုဇ်မြို့မှ ထွက်ခွာနေသည့် ဒေသခံများ (Photo: AFP)
တာလီဘန်များနှင့် အာဖဂန် တပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများကြောင့် အောက်တိုဘာ ၅ ရက်က ကန်ဒုဇ်မြို့မှ ထွက်ခွာနေသည့် ဒေသခံများ (Photo: AFP)
Published 6 October 2016

ဘရပ်ဆဲတွင် အောက်တိုဘာ ၅ ရက်က ကျင်းပခဲ့သော အကူအညီပေးရေး ကွန်ဖရင့်၌ နိုင်ငံတကာ အလှူရှင်များက အာဖဂန်နစ္စတန်ကို လာမည့်လေးနှစ်အတွက် ဒေါ်လာ ၁၅ ဒသမ ၂ ဘီလျံ ကူညီပေးမည်ဟု ကတိပြုခဲ့ပြီး တာလီဘန်များကိုလည်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရန် တိုက်တွန်းခဲ့သည်။ အာဖဂန်မြောက်ပိုင်းရှိ မဟာဗျူဟာကျသော ကန်ဒုဇ်မြို့ကို တာလီဘန်များက တိုက်ခိုက်နေချိန်တွင် သမ္မတအက်ရှရက်ဂါနီက ဘယ်ဂျီယံ၌ နိုင်ငံပေါင်း ၇၅ နိုင်ငံနှင့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း ၂၀ ကျော်မှ တာဝန်ရှိသူများ တက်ရောက်သည့် အလှူရှင်များ ညီလာခံ၌ အကူအညီများ ရရှိရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ဆီးရီးယားစစ်ပွဲကြောင့် အလှူရှင်နိုင်ငံများ၏ စိတ်ပျက်မှုကို စိုးရိမ်နေရသော်လည်း ယခုနှစ်တွင် ကတိပြုခဲ့သော ဒေါ်လာ ၁၅ ဘီလျံသည် ၂၀၁၂ ခုနှစ်က တိုကျိုတွင် ကျင်းပခဲ့သော အလှူရှင်များ ကွန်ဖရင့်၌ ကတိပြုခဲ့သည့် ပမာဏထက် ဒေါ်လာ လေးဘီလျံသာ လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကူအညီ ဒေါ်လာ ၁၅ ဘီလျံအနက် ဥရောပသမဂ္ဂက ဒေါ်လာ ၅ ဒသမ ၆ ဘီလျံဖြင့် အများဆုံးဖြစ်ပြီး အမေရိကန်က ဒုတိယ အများဆုံးဖြစ်ကြောင်း သိရသည်။
အမေရိကန်သည် ၂၀၀၁ ခုနှစ်နောက်ပိုင်း အာဖဂန် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အကူအညီ စုစုပေါင်း ဒေါ်လာ ၁၁၀ ဘီလျံခန့် ပေးအပ်ခဲ့ပြီးဖြစ်ပြီး ယင်းပမာဏသည် ဒုတိယကမ္ဘာစစ်အပြီး ဥရောပကို ပြန်လည်တည်ဆောက်သည့် မာရှယ်စီမံကိန်းအတွက် ကုန်ကျခဲ့မှုထက် ပိုမိုများပြားကြောင်း သိရသည်။
အပြန်အလှန်အားဖြင့် အာဖဂန် အစိုးရက အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် လူ့အခွင့်အရေး အခြေအနေ တိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် ကတိပြုခဲ့ရပြီး ဥရောပမှ ရွှေ့ပြောင်း အခြေချများကို အလျင်အမြန် ပြန်လည် လက်ခံရန်လည်း သဘောတူညီခဲ့ကြောင်း သိရသည်။ အာဖဂန်တွင် တစ်ခုတည်း ကျန်ရှိခဲ့သော အကျင့်ပျက်ခြစားမှု စောင့်ကြည့်ရေးအဖွဲ့ Integrity Watch Afghanistan မှ အမှုဆောင် ညွှန်ကြားရေးမှူး ဆာယက်အက်ခ်ရမ်အက်ဇာလီက အလှူရှင်နိုင်ငံများသည် ကန့်သတ်ချက်များကို တင်းကျပ်သင့်ကြောင်း ထောက်ပြခဲ့သည်။
ဥရောပမှ အာဖဂန်ရွှေ့ပြောင်း အခြေချများကို အလျင်အမြန် ပြန်လည်လက်ခံမှုအား အရှိန်မြှင့်ရန် အရေးကြီးသော သဘောတူညီချက် ရရှိခဲ့ကြောင်း ဥရောပသမဂ္ဂနှင့် အာဖဂန်တို့က ယင်းကွန်ဖရင့် မတိုင်မီ ပူးတွဲ ကြေညာခဲ့သည်။ သို့သော် အာဖဂန်သို့ အကူအညီများ ပေးအပ်ရန် ကတိပြုမှုသည် အာဖဂန်က ဥရောပရှိ အာဖဂန် ခိုလှုံခွင့်တောင်းခံသူ ၈၀၀၀၀ ကို လက်ခံမှုအပေါ် မူတည်နေကြောင်း သတင်းထွက်ခဲ့မှုအပေါ် ဥရောပသမဂ္ဂ တာဝန်ရှိသူများက ငြင်းဆိုခဲ့သည်။
အာဖဂန်နစ္စတန်သည် ပြည်ပ အကူအညီများကို မှီခိုနေရဆဲဖြစ်ပြီး နေတိုး၏ စစ်ဘက် အကူအညီကိုလည်း အကန့်အသတ်ဖြင့် ရယူနေရဆဲဖြစ်သည်။ ပြီးခဲ့သော ဇူလိုင်က ဝါဆောမြို့တွင် ကျင်းပခဲ့သည့် ထိပ်သီး တစ်ခု၌ နေတိုးအဖွဲ့ဝင် နိုင်ငံများက အာဖဂန် လုံခြုံရေးအတွက် တပ်ဖွဲ့ဝင် အရေအတွက် ၁၃၀၀၀ ဝန်းကျင်ကို ဆက်လက်တပ်စွဲထားရန် ကတိပြုခဲ့ပြီး အာဖဂန် တပ်ဖွဲ့ဝင်များကို ၂၀၂၀ ပြည့်နှစ်အထိ တစ်နှစ်လျှင် ဒေါ်လာ ငါးဘီလျံနှုန်းဖြင့် ကူညီမည်ဟု ဆက်လက် ကတိပြုခဲ့သည်။
Ref: AFP

Most Read

Most Recent