ဖိလစ်ပိုင်တွင် ရာဇဝတ်မှုနှိမ်နင်းရေးစစ်ပွဲ ဆောင်ရွက်နေစဉ် သမ္မတ ဒူတာတေးကို လူကြိုက်များမှု တစ်ရှိန်ထိုး မြင့်တက်

ဖိလစ်ပိုင်တွင် ရာဇဝတ်မှုနှိမ်နင်းရေးစစ်ပွဲ ဆောင်ရွက်နေစဉ် သမ္မတ ဒူတာတေးကို လူကြိုက်များမှု တစ်ရှိန်ထိုး မြင့်တက်
Published 6 October 2016

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး၏ သက်တမ်း ပထမသုံးလအတွင်း ၎င်းကို လူကြိုက်များမှုသည် တစ်ရှိန်ထိုး မြင့်တက်ခဲ့ကြောင်း အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သော အမှီအခိုကင်းသော စစ်တမ်းတစ်ခုအရ သိရပြီး ၎င်း၏ ရက်စက်သော မူးယစ်ဆေးနှိမ်နင်းရေး စစ်ပွဲကို ပြည်သူများက သိသိသာသာ ထောက်ခံမှုရှိကြောင်း ပြသနေသည်။ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး လူအစုလိုက် အပြုံလိုက်ကို တရားလက်လွန် သတ်ဖြတ်မှုများ ဖြစ်ပေါ်နိုင်မှုအတွက် စိုးရိမ်မှု မြင့်မားစေခဲ့သော ဒူတာတေး၏ ရာဇဝတ်မှုနှိမ်နင်းရေး စစ်ပွဲကို ဖိလစ်ပိုင်၏ ကာကွယ်ရေး မဟာမိတ်ဖြစ်သော အမေရိကန်၊ ကုလသမဂ္ဂနှင့် ဥရောပ သမဂ္ဂတို့က ကန့်ကွက် ရှုတ်ချခဲ့သည်။ Social Weather Stations က ထုတ်ပြန်ခဲ့သော စစ်တမ်းတွင် ဖြေဆိုသူ ၇၆ ရာခိုင်နှုန်းက ဒူတာတေး၏ စွမ်းဆောင်ရည်ကို ကျေနပ်ကြောင်း ဖြေကြားခဲ့ပြီး ၁၁ ရာခိုင်နှုန်းကသာ ကျေနပ်မှု မရှိဟု ဆိုကာ ကျန်သူများက မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။
မနီလာ အခြေစိုက် ယင်းစစ်တမ်းကောက်ယူသည့် အဖွဲ့က စက်တင်ဘာ ၂၄ ရက်မှ ၂၇ ရက်အတွင်း နိုင်ငံတစ်ဝန်းရှိ အရွယ်ရောက်ပြီးသူ ၁၂၀၀ ကို သမ္မတအဖြစ် ဒူတာတေး၏ စွမ်းဆောင်ရည်အား ကျေနပ်မှု ရှိ၊ မရှိ မေးမြန်းခဲ့ပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲကို ရည်ညွှန်းခဲ့ခြင်း မရှိပေ။
ဒူတာတေးသည် ပြီးခဲ့သောမေတွင် ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရခဲ့သည်ဟု ယူဆရသော်လည်း မဲ ၃၇ ဒသမ ၆ ရာခိုင်နှုန်းသာ ရရှိခဲ့ခြင်း ဖြစ်သည်။ ဖိလစ်ပိုင်တွင် သမ္မတ ရွေးကောက်ပွဲ၌ မဲအများဆုံး ရသူကို အနိုင်ရသူအဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး ဒူတာတေး၏ အနီးကပ်ဆုံး ပြိုင်ဘက်သည် ထောက်ခံမဲ ၂၂ ဒသမ ၆ ရာခိုင်နှုန်း ရရှိခဲ့ခြင်းဖြစ်သည်။ ပြည်နယ်အဆင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်ခဲ့သော ဒူတာတေးက ခြောက်လအတွင်း ရာဇဝတ်မှုကို အမြစ်ဖြတ် ရှင်းလင်းမည်ဟု ကတိဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။
Social Weather Stations ၏ စစ်တမ်းကို ထုတ်ပြန်ခဲ့သော BusinessWorld က ဖိလစ်ပိုင်တွင် အာဏာရှင် ဖာဒီနန်မားကို့စ် ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး ၁၉၈၆ ခုနှစ်၌ ဒီမိုကရေစီစနစ် ပြန်လည် အသက်ဝင်ခဲ့ပြီး နောက်ပိုင်း သမ္မတသက်တမ်း သုံးလအတွင်း လူကြိုက်များမှုသည် ဒူတာတေးထက်ပို၍ မြင့်မားစွာ ရရှိခဲ့သည့် သမ္မတ တစ်ဦးသာ ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ယင်းသမ္မတမှာ ၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဖီဒယ်ရာမို့စ်ဖြစ်ပြီး ဒူတာတေး၏ မဟာမိတ်တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
မားကို့စ်ခေတ်လွန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့ပြီး သမ္မတသည် ခြောက်နှစ်သက်တမ်းကို တစ်ကြိမ်သာ ထမ်းဆောင်ခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။
Ref: AFP

Most Read

Most Recent