Google က ဖုန်းအသစ် Pixel နှင့်အတူ အခြားထုတ်ကုန်သစ်များအား မိတ်ဆက်

Google က ဖုန်းအသစ် Pixel နှင့်အတူ အခြားထုတ်ကုန်သစ်များအား မိတ်ဆက်
Published 5 October 2016

Google သည် အောက်တိုဘာ ၄ ရက်က သူ၏ နည်းပညာ အဆင့်မြင့် စမတ်ဖုန်းသစ် Pixel ဖုန်းများကို မိတ်ဆက်ခဲ့ပြီး အခြား ထုတ်ကုန်သစ်များကိုလည်း ထုတ်ဖော်ပြသခဲ့သည်။ Google က ကိုယ်တိုင် ဒီဇိုင်းထုတ်လုပ်ထားသော Pixel ဖုန်းများဖြင့် Samsung နှင့် Apple တို့က လွှမ်းမိုးထားသော စမတ်ဖုန်း ဈေးကွက်တွင် ဈေးကွက်ဝေစု ကြီးကြီးမားမားရရှိရန် မျှော်လင့်နေသည်။ ဂူဂဲသည် ယခင်က စမတ်ဖုန်းများကို အခြားကုမ္ပဏီများဖြင့် ဖက်စပ်ထုတ်လုပ် ခဲ့သော်လည်း ယခု Pixel ဖုန်းများကိုမူ အစအဆုံး ထိန်းချုပ်ခဲ့ပြီး ထိုင်ဝမ်အခြေစိုက် HTC ကုမ္ပဏီအား ထုတ်လုပ်စေခဲ့ခြင်း ဖြစ်သည်။
Pixel ဖုန်းအသစ်များကို ဂူဂဲက အစအဆုံး ဦးစီးခဲ့ခြင်းဖြစ်ပြီး hardware နှင့် software ကို နှစ်မျိုးစလုံး ထိန်းချုပ်ထုပ်လုပ်ခဲ့ခြင်းဖြင့် ဂူဂဲက Apple ကို တိုက်ရိုက် ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ပိုမိုကောင်းမွန်သော ကင်မရာ၊ ဂူဂဲ၏ Virtual Reality နည်းပညာ Daydream နှင့် တွဲဖက် အသုံးပြုနိုင်မှု၊ ဓာတ်ပုံနှင့် ဗီဒီယိုများကို အွန်လိုင်း၌ အကန့်အသတ်မရှိ သိမ်းဆည်းနိုင်မှုတို့ ပါဝင်သော Pixel ဖုန်းများသည် ဂူဂဲ၏ လူလုပ်အသိဉာဏ် နည်းပညာဖြစ်သည့် Google Assistant ပါဝင်သော ပထမဆုံး ဖုန်းများဖြစ်သည်။ ၅ လက်မနှင့် ၅ ဒသမ ၅ လက်မအရွယ် နှစ်မျိုးထုတ်လုပ်ထားသော Pixel ဖုန်းများကို အောက်တိုဘာ ၄ ရက်တွင် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ကနေဒါ၊ သြစတြေးလျ တို့၌ ကြိုတင်မှာယူ နိုင်မည်ဖြစ်သည်။
Pixel ဖုန်းများတွင် ၁၅ မိနစ် အားသွင်းရုံဖြင့် ၇ နာရီစာ အသုံးပြုနိုင်သည့် အားအမြန်သွင်း နည်းပညာကို ထည့်သွင်းထားကြောင်း ဂူဂဲကဆိုသည်။
32 GB သိုလှောင်နိုင်သော ၅ လက်မ Pixel ဖုန်းကို ၆၄၉ ဒေါ်လာဖြင့် စတင်ရောင်းချမည်ဖြစ်ပြီး ပိုမိုကြီးမားသော Pixel  XL ဖုန်းကို (32 GB) ၇၄၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။ Pixel ဖုန်းများ၏ 12 megapixel ကင်မရာသည် ကင်မရာများ စမ်းသပ်အကဲဖြတ်သည့် DxOMark မှ သတ်မှတ်ချက် အမြင့်ဆုံး ရရှိထားသည့် ကင်မရာများ ဖြစ်ကြောင်း ဂူဂဲက ပြောကြားထားသည်။
ဂူဂဲသည် စမတ်ဖုန်းများဖြင့် တွဲဖက် အသုံးပြုနိုင်သော Daydream View မျက်နှာတပ် VR ကိုလည်း မိတ်ဆက်ပြသခဲ့သည်။ ၇၉ ဒေါ်လာဖြင့် နိုဝင်ဘာတွင် စတင်ရောင်းချမည့် ယင်း VR မျက်မှန်သည် အထိန်းခလုတ်တစ်ခု ပူးတွဲပါဝင်မည်ဖြစ်သည်။ ထို့ပြင် ဂူဂဲသည် စမတ်ဟုမ်း နည်းပညာအတွက် အထောက်အကူ ကိရိယာဖြစ်သော Google Home စပီကာကိုလည်း မိတ်ဆက်ပြသခဲ့သည်။ အသံဖြင့် စေခိုင်းနိုင်သော ဂူဂဲဟုမ်းကို နိုဝင်ဘာ ၄ ရက်တွင် ၁၂၉ ဒေါ်လာဖြင့် စတင်ရောင်းချမည် ဖြစ်သည်။
သီချင်းဖွင့်ခြင်း၊ မေးခွန်းများကို အွန်လိုင်းမှ ဖြေကြားခြင်း စသည်တို့ကို အသံဖြင့် ညွှန်ကြား စေခိုင်းနိုင်သော ဂူဂဲ၏ စပီကာသည် Amazon ၏ အောင်မြင်သော Echo စပီကာကို တိုက်ရိုက် ယှဉ်ပြိုင်မည့် ကိရိယာ ဖြစ်သည်။
Ref : AFP

Most Read

Most Recent