ကမ္ဘာ့အသေးဆုံး မော်လီကျူး စက်များကို တီထွင်မှုအတွက် သိပ္ပံပညာရှင်သုံးဦး ဓာတုဗေဒ နိုဘယ်ဆု ဆွတ်ခူး

ကမ္ဘာ့အသေးဆုံး မော်လီကျူး စက်များကို တီထွင်မှုအတွက် သိပ္ပံပညာရှင်သုံးဦး ဓာတုဗေဒ နိုဘယ်ဆု ဆွတ်ခူး
Published 5 October 2016

ကမ္ဘာ့အသေးဆုံး စက်များကို ဖော်ထုတ်တည်ဆောက် နိုင်မှုအတွက် သိပ္ပံပညာရှင် သုံးဦးကို ၂၀၁၆ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို ချီးမြှင့်ခဲ့ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ဒြပ်တစ်ခု၏ အသေးဆုံး အခြေခံ အဖွဲ့အစည်းဖြစ်သော မော်လီကျူးဆိုင်ရာ စက်များကို တည်ဆောက်နိုင်မှုအတွက် ပြင်သစ်မှ ယန်းပီးယား ဆော်ဗေ့ချ်၊ ဗြိတိန်မှ ဖရေဆာစတော့ဒက်နှင့် နယ်သာလန်မှ ဘားနက်ဖေရင်ဂါတို့ကို နိုဘယ်ဆု ချီးမြှင့်ခဲ့ကြောင်း ဆွီဒင်တွင် ဂျူရီအဖွဲ့က ကြေညာခဲ့သည်။
ယန်းပီးယားဆော်ဗေ့ချ်သည် စထရာဘိုး တက္ကသိုလ်တွင် ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် လုပ်ကိုင်နေပြီး၊ ဖရေဆာစတော့ ဒက်သည် အမေရိကန်ရှိ နော့စ်ဝက်စ်တင်း တက္ကသိုလ်တွင် လုပ်ကိုင်နေသည်။ ဖေရင်ဂါသည် နယ်သာလန်ရှိ ဂရိုနင်ဂန် တက္ကသိုလ်တွင် အော်ဂဲနစ် ဓာတုဗေဒ ပါမောက္ခအဖြစ် ဆောင်ရွက်နေသည်။ ဓာတုစွမ်းအင်ကို စက်စွမ်းအားအဖြစ် ပြောင်းလဲနိုင်သော မော်လီကျူးအဆင့် စက်များကို တည်ဆောက်နိုင်မှုကြောင့် အာရုံခံ ကိရိယာများ၊ စွမ်းအင်သိုလှောင်မှု စနစ်သစ်များ ကဲ့သို့သော ကိရိယာ ပစ္စည်းသစ်များ ထုတ်လုပ်မှုကို ဖွံ့ဖြိုးစေခဲ့သည်ဟု ဂျူရီအဖွဲ့က ပြောကြားခဲ့သည်။
ဓာတုဗေဒ နိုဘယ်ဆုသည် ယခုနှစ်အတွက် သိပ္ပံဆိုင်ရာ နိုဘယ်ဆုများတွင် နောက်ဆုံးပေးအပ်သည့် ဆုဖြစ်ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုကို အောက်တိုဘာ ၇ ရက်တွင် ကြေညာမည်ဖြစ်သည်။ စီးပွားရေးနှင့် စာပေနိုဘယ်ဆုကို လာမည့်တစ်ပတ်တွင် ကြေညာမည်ဖြစ်သည်။                                
Ref : AFP

Most Read

Most Recent