အင်အားပြင်းမုန်တိုင်း ချာဘာတိုင်ဖွန်း ဂျပန်သို့ ဝင်ရောက်

အင်အားပြင်းမုန်တိုင်း ချာဘာတိုင်ဖွန်း ဂျပန်သို့ ဝင်ရောက်
Published 5 October 2016

တောင်ကိုရီးယား တောင်ပိုင်းသို့ ချာဘာတိုင်ဖွန်း ဝင်ရောက်ပြီးနောက် အောက်တိုဘာ ၅ ရက်က ခရီးသည်တင် သင်္ဘောမှ ဝန်ထမ်းများကို ကမ်းရိုးတန်းစောင့် တပ်ဖွဲ့များက ကယ်တင်နေကြစဉ် (Photo : AFP)
တောင်ကိုရီးယား တောင်ဘက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေပြင်းမုန်တိုင်းကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီးနောက် အင်အားပြင်း ချာဘာတိုင်ဖွန်းသည် အောက်တိုဘာ ၅ ရက်က ဂျပန်သို့ ဝင်ရောက်ခဲ့ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ပြောကြားခဲ့သည်။ ဂျပန်တောင်ပိုင်း ကျူရှူးကျွန်းအနီးသို့ ဝင်ရောက်ခဲ့သော ချာဘာသည် တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၁၀ အထိ ရှိခဲ့သည်။
ချာဘာတိုင်ဖွန်းသည် အောက်တိုဘာ ၅ ရက်တွင် ဂျပန်၏ ကျွန်းမကြီး ဟွန်ရှူးသို့ ဝင်ရောက်ခဲ့ပြီးနောက် အောက်တိုဘာ ၆ ရက်တွင် ပစိဖိတ် သမုဒ္ဒရာ အတွင်းသို့ ဝင်ရောက်မည် ဖြစ်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ချာဘာတိုင်ဖွန်းသည် အောက်တိုဘာ ၅ ရက်အစောပိုင်းက တောင်ကိုရီးယား တောင်ဘက်စွန်းကို ဝင်ရောက် တိုက်ခတ်ခဲ့ပြီး မြို့၏လမ်းများ ရေကြီးခဲ့၍ လေကြောင်းခရီးစဉ် အမြောက်အမြား ဖျက်သိမ်းခဲ့ရသည်။ ဆိပ်ကမ်းမြို့ ဘူဆန်တွင် လေပြင်းမုန်တိုင်းကြောင့် လူတစ်ဦး ကရိန်းပေါ်မှ ပြုတ်ကျခဲ့ပြီး သေဆုံးခဲ့သည်။ ထို့ပြင် ဘူဆန်မြို့တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။ ချာဘာသည် တောင်ကိုရီးယား၏ အပန်းဖြေစခန်း ကျွန်းဂျယ်ဂျူသို့ ဝင်ရောက်ခဲ့ပြီး တစ်နာရီ ကီလိုမီတာ ၂၀၀ အထိ လေပြင်းတိုက်ခတ် ခဲ့သောကြောင့် လေကြောင်း ခရီးစဉ် အမြောက်အမြား ဖျက်သိမ်းခဲ့ရသည်။
Ref : AFP

Most Read

Most Recent