တပ်မတော်နှင့် NCA လက်မှတ် ရေးထိုးထားသည့် RCSS/SSA တို့အကြား မိုင်းကိုင်မြို့နယ်၌ တိုက်ပွဲပြန်လည် ဖြစ်ပွားသဖြင့် တိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည် ၂၀၀၀ နီးပါးရှိလာ

တပ်မတော်နှင့် NCA လက်မှတ် ရေးထိုးထားသည့် RCSS/SSA တို့အကြား မိုင်းကိုင်မြို့နယ်၌ တိုက်ပွဲပြန်လည် ဖြစ်ပွားသဖြင့် တိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည် ၂၀၀၀ နီးပါးရှိလာ
Published 4 October 2016
ကျော်ဇင်ဝင်း

တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်း တိုက်ပွဲပြန်လည် ဖြစ်ပွားနေသည့်အတွက် တိုက်ပွဲအား တိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည် ဦးရေ ၂၀၀၀ နီးပါး ရှိလာကြောင်း မိုင်းကိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဆိုင်မိုင်းက အောက်တိုဘာ ၄ ရက်တွင် ပြောကြားသည်။
မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာ အနီးရှိ RCSS/SSA နှင့် ဒေသခံလူထု ပူးပေါင်းဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူများ ပြန်လည်ထူထောင်ရေး စခန်းအား တပ်မတော်ဘက်မှ အကြောင်းကြားခြင်း မရှိဘဲ ရုတ်တရက် ဝင်ရောက်စီးနင်းသည့်သဘော ဆောင်ရွက်ခဲ့သဖြင့် အောက်တိုဘာ ၁ ရက်မှ စတင်ကာ တိုက်ပွဲပြန်လည် ဖြစ်ပွားခြင်းဖြစ်ကြောင်း RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။
တိုက်ပွဲကြောင့် တိမ်းရှောင်လာသည့် ဒုက္ခသည်များမှာ တုံလောကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်း တောင်ကျောင်းနှင့် မြောက်ကျောင်းတွင် ခိုလှုံလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့က ပြည်သူ့ကိုယ်စားလှယ်ဆိုတော့ ပြည်သူတွေ ဒုက္ခရောက်တာကို မလိုလားပါဘူး။ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး အစည်းအဝေးတွေ ကျင်းပပြီးတော့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ ဒီလိုကာလမျိုးမှာ တိုက်ပွဲတွေဖြစ်တာ မကောင်းဘူးပေါ့။ အရင်တုန်းက ဒီဒေသတွေက အေးချမ်းနေတာ အခုလိုတိုက်ပွဲတွေ ဖြစ်လာပြီး ဒီကနေတစ်ဆင့် တစ်စတစ်စ တိုက်ပွဲသက်တမ်း ရှည်ကြာလာမှာကို ပြည်သူတွေက စိုးရိမ်နေကြတယ်” ဟု မိုင်းကိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဆိုင်မိုင်းက ပြောကြားသည်။         
ထို့အတူ ထူထောင်ရေးစခန်းတွင် ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်လျက်ရှိသည့် ရွာသူရွာသား ငါးဆယ်ခန့်ရှိပြီး ၎င်းတို့အား တပ်မတော်ဘက်မှ ဝင်ရောက်စီးနင်းချိန်တွင် ဖမ်းဆီးသွားကြောင်းနှင့် လက်ရှိတွင် ပြန်လည်လွှတ်ပေး ခဲ့သည်ဟု ကြားသိရကြောင်း ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
“ဒီကိစ္စကတော့ ကျွန်တော်တို့ဘက်က အကျယ်ကျယ် မဖြစ်စေချင်ဘူး။ အောက်ခြေပိုင်းမှာ နားလည်မှုလွဲနေတဲ့ ကိစ္စတွေကို သေးတဲ့အမှု ပပျောက်အောင်၊ ကြီးတဲ့ကိစ္စ သေးငယ်အောင်ဆိုတဲ့ သဘောနဲ့ ကျွန်တော်တို့က ဖြစ်စေချင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စကို ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် သက်ဆိုင်တဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ အမြန်ဆုံး တွေ့ဆုံပြီး ဖြေရှင်းပါပေါ့။ အဲဒီလိုမှ မဟုတ်ရင် အမှိုက်ကစ ပြာသာဒ်မီးလောင် ဖြစ်သွားမှာလည်း ကျွန်တော်တို့က စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ သေးသေးမွှာမွှား ကနေပြီးတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းကြီးဖြစ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မှာလည်း စိုးရိမ်တာပေါ့နော်။ အဲဒီလိုမဖြစ်အောင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်မှုမဖြစ်အောင် နှစ်ဦးနှစ်ဖက် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။
လက်ရှိတွင် အောက်တိုဘာ ၄ ရက်၌ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိကြောင်း၊ တိုက်ပွဲဖြစ်ရခြင်းနှင့် ပတ်သက်၍ RCSS/SSA တောင်ကြီး ဆက်ဆံရေးရုံးမှ တာဝန်ရှိသူများက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တွေ့ဆုံခြင်း၊ ယခုဖြစ်စဉ်အား အမြန်ဆုံး ဖြေရှင်းပေးရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ပြည်ထောင်စုအဆင့် (JMC-U)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ပြည်နယ်အဆင့် (JMC-S) သို့ စာဖြင့်တိုင်ကြားထားကြောင်း RCSS/SSA မှ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။