မတ္တာ၏ လျှို့ဝှက်ချက်များ တွေ့ရှိမှုအတွက် ဗြိတိန်နိုင်ငံသား သုံးဦး ရူပဗေဒနိုဘယ်ဆု ရရှိ

မတ္တာ၏ လျှို့ဝှက်ချက်များ တွေ့ရှိမှုအတွက် ဗြိတိန်နိုင်ငံသား သုံးဦး ရူပဗေဒနိုဘယ်ဆု ရရှိ
Published 4 October 2016

ဗြိတိန်သိပ္ပံပညာရှင် သုံးဦးဖြစ်သော ဒေးဗစ်သူးလက်စ်၊ ဒန်ကန်ဟဲဒိန်းနှင့် မိုက်ကယ်ကိုစတာလစ်တို့သည် ထူးဆန်းသော မတ္တာ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခဲ့မှုအတွက် ရူပဗေဒ နိုဘယ်ဆုရရှိကြောင်း  နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က အောက်တိုဘာ ၄ ရက်တွင် ကြေညာခဲ့သည်။
“ဒီနှစ်ဆုရရှိသူတွေဟာ မတ္တာက ထူးဆန်းတဲ့ အခြေအနေရပ်တွေ ဆောင်နိုင်တဲ့ မသိသေးတဲ့ နယ်ပယ်တစ်ရပ်ကို တံခါးဖွင့် ပေးနိုင်ခဲ့ပါတယ်။ သူတို့က တိုးတက်တဲ့ သင်္ချာနည်းနာတွေကို သုံးပြီး စူပါကွန်ဒက်တာ၊ စူပါအရည်နဲ့ သံလိုက်အလွှာပါးလိုမျိုး မတ္တာရဲ့ ထူးဆန်းတဲ့ အဆင့်တွေ ဒါမှမဟုတ် အခြေအနေတွေကို လေ့လာခဲ့ ကြပါတယ်။ သူတို့ရဲ့ ရှေ့ပြေးလုပ်ရပ်ကြောင့် အခုတော့ မတ္တာရဲ့ သစ်လွင်ပြီး ထူးဆန်းတဲ့ အဆင့်တွေကို လေ့လာရှာဖွေ နေကြပါပြီ” ဟု ဆုရွေးချယ်ရေးအဖွဲ့က မှတ်ချက်ပေးခဲ့သည်။
ဆုရရှိသူ သုံးဦးသည် ဆွီဒင်ခရိုနာ ရှစ်သန်း (အမေရိကန်ဒေါ်လာ ၉၃၁,၀၀၀) ကို ခွဲဝေယူရမည်ဖြစ်ရာ သူးလက်စ်က ဆုငွေ၏ ထက်ဝက်ကို ရရှိမည်ဖြစ်ပြီး ကျန်နှစ်ဦးက ကျန်ထက်ဝက်ကို ခွဲဝေယူရမည်ဖြစ်သည်။
ဆုရွေးချယ်ရေးအဖွဲ့က “သူတို့ရဲ့ ရှေ့ပြေးလုပ်ရပ်က အီလက်ထရွန်တွေနဲ့ စူပါကွန်ဒက်တာတွေနဲ့ ပတ်သက်တဲ့ မျိုးဆက်သစ်တွေမှာ ဒါမှမဟုတ် အနာဂတ် ကွမ်တမ် ကွန်ပျူတာတွေမှာ ပုံသဏ္ဌာန်နဲ့ အရွယ်အစား ပြောင်းလဲမှုဆိုင်ရာ အရာဝတ္ထုတွေကို အသုံးပြုလာနိုင်မယ့် မျှော်လင့်ချက်ကြောင့် သိပ်သည်းတဲ့ မတ္တာရူပဗေဒမှာ သုတေသန မျက်နှာစာကို မြှင့်တင်နိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။                
Ref : AFP

Most Read

Most Recent