ဒူတာတေး၏ စော်ကားပြောဆိုမှုများအပြီး အမေရိကန်နှင့် ဖိလစ်ပိုင်အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

ဒူတာတေး၏ စော်ကားပြောဆိုမှုများအပြီး အမေရိကန်နှင့် ဖိလစ်ပိုင်အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်
Published 4 October 2016

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက တရုတ်ကို ဗဟိုပြုရန်အတွက် အာရုံစိုက်နေပြီး နိုင်ငံတွင်းရှိ အမေရိကန် တပ်ဖွဲ့ဝင်များကို နှင်ထုတ်သွားမည်ဟု ပုံမှန်မဟုတ်သော ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အောက်တိုဘာ ၄ ရက်တွင် အမေရိကန်နှင့် ဖိလစ်ပိုင်အကြား ပူးတွဲစစ်ရေး လေ့ကျင့်မှုကို စတင်ခဲ့ကြောင်း သိရသည်။ တောင်တရုတ် ပင်လယ်ရှိ အငြင်းပွားမှု ဖြစ်ပွားသည့် နေရာအပါအဝင် ရေပြင်များ၌ စတင်ပြုလုပ်ခဲ့သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့ဝင် စုစုပေါင်း ၂၀၀၀ ပါဝင်ခဲ့ကြောင်း သိရသည်။
၎င်း၏ သမ္မတသက်တမ်း ခြောက်နှစ်အတွင်း ယင်းပူးတွဲစစ်ရေး လေ့ကျင့်မှုသည် နောက်ဆုံးအကြိမ် ဖြစ်လာမည်ဖြစ်ကြောင်း ဒူတာတေးက မကြာသေးမီက သတိပေးခဲ့ပြီး သမ္မတဟောင်း ဘီနစ်နိုအကွီနို လက်ထက်တွင် အမေရိကန်နှင့် ရရှိခဲ့သော ကာကွယ်ရေး သဘောတူညီချက်ကိုလည်း ဖျက်သိမ်းပစ်မည်ဟု ၎င်းက ခြိမ်းခြောက်ခဲ့သည်။ အကွီနိုလက်ထက်တွင် တောင်တရုတ်ပင်လယ်၌ တရုတ်၏ အင်အားချဲ့ထွင်မှုများကို တန်ပြန်ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များကို အလှည့်ကျစနစ်ဖြင့် တိုး၍လက်ခံမည့် Enhanced Defence Cooperation Agree ကို ရရှိခဲ့သည်။
ဆန့်ကျင်ဘက် လမ်းကြောင်းကို လျှောက်လှမ်းရန် ဆန္ဒရှိနေပုံရသော ဒူတာတေးသည် တရုတ်သို့ သွားရောက်ပြီး သမ္မတ ရှီကျင်ပင်းနှင့် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်၏ ကြေညာချက်သည် ဥပဒေနှင့်မညီဟု အပြည်ပြည်ဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ဖြင့် တရုတ်ကို ဖိအားပေးရန် ဆန္ဒမရှိကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။
ဒူတာတေးသည် ဇွန် ၃၀ ရက်တွင် သမ္မတအဖြစ် ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ၎င်း၏မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲကို ဝေဖန်ခဲ့သည့် ဖိလစ်ပိုင်၏ ကိုလိုနီဟောင်းနှင့် ကာကွယ်ရေး မဟာမိတ် အမေရိကန်ကို ဝေဖန်စော်ကားမှုများ ပြုလုပ်ခဲ့သည်။
စီအိုင်အေသည် ၎င်းအားလုပ်ကြံရန် အတွက် ကြံစည်နေကြောင်း အသက် ၇၁ နှစ်ရှိ ဒူတာတေးက ပြီးခဲ့သော သီတင်းပတ်တွင် ပြောကြားခဲ့သည်။ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲတွင် လူ့အခွင့်အရေးနှင့်အညီ လုပ်ဆောင်ရန် တိုက်တွန်းသော အမေရိကန်သမ္မတ ဘာရက်အိုဘားမားကို ပြည့်တန်ဆာမသားဟု စော်ကားပြောဆို ခဲ့ပြီးနောက် ဒူတာတေး၏ ယခုကဲ့သို့ စွပ်စွဲချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဒူတာတေး၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲအတွင်း တရားလက်လွန် သတ်ဖြတ်မှုများ ရှိနိုင်မှုအတွက် အလွန်အမင်း စိုးရိမ်ကြောင်း ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့များက ထုတ်ပြန်ခဲ့သည်။
ဒူတာတေးက ၎င်းသည် ဥပဒေနှင့်မညီသော လုပ်ရပ်များကို ကျူးလွန်ထားခြင်း မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ပြီး တစ်ချိန်တည်းမှာပင် မူးယစ်ဆေးသုံးစွဲသူ သုံးသန်းကို သတ်ဖြတ်လိုသည်ဟုလည်း ပြောကြားခဲ့သည်။ ဒူတာတေး၏ သတိပေးမှုများနှင့် ပတ်သက်၍ ဖိလစ်ပိုင် ကာကွယ်ရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် အာဆီနီယိုအန်ဒိုလောင်းက အမေရိကန်စစ်ဘက်နှင့် ဆက်ဆံရေးသည် ယခုထိ မပြောင်းလဲသေးကြောင်း အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။ မနီလာရှိ အမေရိကန် သံရုံးကလည်း ဖိလစ်ပိုင်သည် ယခင် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် အောက်တိုဘာ ၄ ရက်တွင် တိုက်တွန်းခဲ့သည်။
Ref : AFP

Most Read

Most Recent