ဆေးသိပ္ပံ နိုဘယ်ဆုကို ဂျပန်သိပ္ပံပညာရှင် ယိုရှီနိုရီအိုဆူမီ ရရှိ

ဆေးသိပ္ပံ နိုဘယ်ဆုကို ဂျပန်သိပ္ပံပညာရှင် ယိုရှီနိုရီအိုဆူမီ ရရှိ
Published 3 October 2016

ဂျပန်သိပ္ပံပညာရှင် ယိုရှီနိုရီအိုဆူမီသည် ဆဲလ်များ၏ ကိုယ့်ကိုယ်ကိုယ်ပြန်လည် စားသုံးသည့် လုပ်ငန်းစဉ်တွင် မရှိမဖြစ် မျိုးဗီဇများကို ဖော်ထုတ်နိုင်ခဲ့မှုအတွက် ဆေးသိပ္ပံ နိုဘယ်ဆုကို အောက်တိုဘာ ၃ ရက်က ရရှိသွားခဲ့သည်။
ပါကင်ဆန်နှင့် ဆီးချိုသွေးချိုတို့ကို ဖြစ်စေမှု၌ အဓိကကျသော ဆဲလ်လုပ်ငန်းစဉ် (Autophagy) ၌ သိပ္ပံပညာရှင် အိုဆူမီ၏ တွေ့ရှိချက်များသည် ဆဲလ်များ၏ သံသရာလည်ပုံနှင့် ပတ်သက်၍ နားလည်မှု အသစ်ကို ရရှိစေခဲ့ကြောင်း ဂျူရီအဖွဲ့က ပြောကြားခဲ့သည်။
လူသားများ ကျန်းမာရေးနှင့် ရောဂါဘယ ဖြစ်ပွားမှုတို့အတွက် ဆဲလ်များ၏ ဇီဝကမ္မ ဗေဒတွင် (Autophagy) သည် အခြေခံဖြစ်စဉ် တစ်ခုဖြစ်သည်။ ယင်းဖြစ်စဉ်က ပျက်စီးနေသော ဆဲလ်များ ပြန်လည်အသုံးပြုနိုင်မှုနှင့် နေရာတကျ ပျက်စီးစေမှုတို့အတွက် အရေးပါသည်။ ဆဲလ်များသည် ၎င်းတို့ကိုယ်တိုင် ပြန်လည်ဖျက်ဆီး နိုင်စွမ်းရှိကြောင်း သုတေသနပညာရှင်များက ၁၉၆၀ ပြည့်လွန် နှစ်များကတည်းက သိရှိတွေ့ရှိထားသည်။
ဂျပန်သိပ္ပံပညာရှင် အိုဆူမီသည် မုန့်ဖုတ်သည့် တဆေးကို အသုံးပြု၍ Autophagy အတွက် မရှိမဖြစ် မျိုးဗီဇများကို ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းက ဖော်ထုတ်နိုင်ခဲ့သည်။ အိုဆူမီ(၇၁ နှစ်) သည် ၁၉၇၄ ခုနှစ်တွင် တိုကျိုတက္ကသိုလ်မှ ပါရဂူဘွဲ့ ရရှိထားပြီး ယခုအခါ တိုကျိုနည်းပညာ တက္ကသိုလ်တွင် ပါမောက္ခအဖြစ် ဆောင်ရွက်နေသည်။
Ref : AFP

Most Read

Most Recent