ဂျပန်အမျိုးသား နိုင်ငံရေးသမား သုံးဦးက အိမ်ရှင်မများအား ကူညီကြရန် အမျိုးသားများကို တိုက်တွန်းသည့် မဲဆွယ်မှုပြုလုပ်

ဂျပန်အမျိုးသား နိုင်ငံရေးသမား သုံးဦးက အိမ်ရှင်မများအား ကူညီကြရန် အမျိုးသားများကို တိုက်တွန်းသည့် မဲဆွယ်မှုပြုလုပ်
Published 3 October 2016

ဂျပန်အမျိုးသား နိုင်ငံရေးသမားသုံးဦးသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများကဲ့သို့ ရဲရဲဝံ့ဝံ့ဝတ်ဆင်လျက် အိမ်မှုကိစ္စများကို အိမ်ထောင်သည် အမျိုးသမီးများကသာ အများဆုံး လုပ်ဆောင်နေရသည့် ဂျပန်နိုင်ငံတွင် အိမ်ထောင်သည် အမျိုးသားများအနေဖြင့် နေ့စဉ်အိမ်မှုကိစ္စများကို ကူညီလုပ်ကိုင်ပေးကြရန် တိုက်တွန်းသည့် မဲဆွယ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။
နိုင်ငံအနောက်တောင်ပိုင်းရှိ စီရင်စု သုံးခုမှ အုပ်ချုပ်ရေးမှူးသုံးဦးတို့က “အုပ်ချုပ်ရေးမှူးသည် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးဖြစ်သည်” ဟု အဓိပ္ပာယ်ကောက်ယူ နိုင်သော လူထုကို သတိပြုမိစေမည့် မဲဆွယ်လှုပ်ရှားမှု ဗီဒီယိုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဂျပန်အမျိုးသားများသည် အိမ်မှုကိစ္စများကို ကူညီလုပ်ဆောင်မှုတွင် အလွန်အမင်းနည်းပါးပြီး အိမ်မှုကိစ္စများကို အိမ်ထောင်သည် အမျိုးသမီးများက နေ့စဉ်ငါးနာရီကြာ လုပ်ဆောင်နေချိန်တွင် အမျိုးသားများက တစ်နာရီသာ လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံ ၃၅ နိုင်ငံ ပါဝင်သော စီးပွားရေး ပူးပေါင်းဆောင် ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှု၌ ဖော်ပြခဲ့သည်။
ပြီးခဲ့သော သီတင်းပတ်တွင် စတင်ထုတ်လွှင့်ခဲ့သည့် သုံးမိနစ်သာ ကြာမြင့်ခဲ့သော ယင်းမဲဆွယ်ဗီဒီယိုတွင် ဥပဒေပြု အမတ်သုံးဦးသည် ကိုယ်ဝန်ခုနစ်လရှိသော အမျိုးသမီး တစ်ဦး၏ ဗိုက်ပုံစံတူ ပြုလုပ်ထားသည့် ခုနစ်ကီလိုဂရမ် (၁၆ ပေါင်) ရှိသောဝတ်စုံကို ဝတ်ဆင်ထားသည်။ ၎င်းတို့သည် လှေကားထစ်များမှ ကိုးရိုးကားရား အတက်အဆင်း ပြုလုပ်ခြင်း၊ စားသောက်ကုန်များကို သယ်ဆောင်ခြင်း သို့မဟုတ် ဘတ်စ်ကားပေါ်တွင် ထိုင်ခုံရရန် စောင့်ဆိုင်းခြင်းတို့ ပြုလုပ်နေမှုကို ယင်းဗီဒီယိုတွင် ပြသခဲ့သည်။
၎င်းတို့သုံးဦးအနက် တစ်ဦးသည် ခြေအိတ်ဝတ်ရန် ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရပြီး အခြားတစ်ဦးသည် လျှော်ထားသော အဝတ်များကို လှန်းပြီးနောက် ၎င်း၏နဖူးမှ ချွေးများ သုတ်နေရမှုကို တွေ့ခဲ့ရသည်။ အုပ်ချုပ်ရေးမှူး သုံးဦးကို ရိုက်ကူးပြသနေစဉ် မြူးကြွသော နောက်ခံအသံများကို ထည့်သွင်းထားသည်။
“ကလေးချီရတာနဲ့ အိမ်မှုကိစ္စတွေ လုပ်ရတာ ဘယ်လောက်ခက်ခဲလဲ ကျွန်တော် သိလိုက်ရပါပြီ” ဟု မီယာဇာကီစီရင်စု၏ အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၅၂ နှစ်ရှိ ရှန်ဂျီကိုနိုက ပြောကြားခဲ့သည်။ “ကျွန်တော် ဒီထက်ပိုပြီး ကြင်နာရမယ်” ဟု ကလေးသုံးဦး၏ ဖခင်ဖြစ်သူက ယင်းဗီဒီယိုတွင် ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နိုင်ငံ့စီးပွားရေး ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ဦးစားပေးအဖြစ် အမျိုးသမီးများအား လုပ်သားထုထဲသို့ သွတ်သွင်းမှုကို လုပ်ဆောင်ခဲ့ပြီး ပညာအရည်အချင်း မြင့်မားသော်လည်း အလုပ်လက်မဲ့ ဖြစ်နေသော အမျိုးသမီးများကို ကောင်းမွန်စွာ အသုံးပြုရန် တောင်းဆိုနေမှုများကိုလည်း ဂရုစိုက် လုပ်ဆောင်ခဲ့သည်။                     
Ref : AFP

Most Read

Most Recent