အိန္ဒိယတွင် အခွန်ရှောင်မှုများအပေါ် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ဖုံးကွယ်ထားသည့် ဒေါ်လာ ၁၀ ဘီလျံခန့် ထွက်ပေါ်

အိန္ဒိယတွင် အခွန်ရှောင်မှုများအပေါ် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ဖုံးကွယ်ထားသည့် ဒေါ်လာ ၁၀ ဘီလျံခန့် ထွက်ပေါ်
Published 2 October 2016

အိန္ဒိယ အစိုးရက အခွန်တိမ်းရှောင်မှုအား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ကတိပေးခဲ့သည့်အတွက် အိန္ဒိယနိုင်ငံသားများစွာသည် ၎င်းတို့၏ ကွယ်ဝှက်ထားသော ကြွယ်ဝမှုများအား ထုတ်ဖော်ကြေညာခဲ့ကြရာ ဒေါ်လာ ၁၀ ဘီလျံ နီးပါးအထိ ရှိခဲ့ကြောင်း သိရသည်။ ယင်းသည် နိုင်ငံထဲ၌ မြောက်မြားစွာရှိသော ငွေမည်းများအား နှိမ်နင်းရန် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ စီမံကိန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
စက်တင်ဘာ ၃၀ ရက်က အဆုံးသတ်ခဲ့သော လေးလကြာ ကာလအတွင်း ယခင်က လူသိရှင်ကြား မထုတ်ဖော်ဖူးသည့် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအား ထုတ်ပြန်ကြေညာမှုပေါင်း ၆၄၂၇၅ ခု ရှိခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီး အေရန်ဂျိုင်တလေက ပြောကြားခဲ့သည်။ ကြေညာခဲ့သော ထိုကြွယ်ဝမှုများ၏ စုစုပေါင်း တန်ဖိုးသည် အိန္ဒိယငွေ ရူပီး ၆၅၂ ဒသမ ၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ ဘီလျံ) ရှိကြောင်း သိရသည်။
မိုဒီအစိုးရသည် ယခုနှစ် အစောပိုင်းက အခွန်ရှောင်သည်ဟု ယူဆသူများအား ၎င်းတို့၏ ဖုံးကွယ်ထားသော ပိုင်ဆိုင်မှု၊ ဝင်ငွေများအား ထုတ်ပြန်ကြေညာရန် နို့တစ်စာ ၇၀၀၀၀၀ ခန့် ပေးပို့ခဲ့သည်။ ထိုငွေများသည် သန့်ရှင်းသော နည်းလမ်းဖြင့် ရရှိခဲ့ပြီး ဒဏ်ငွေ ပေးဆောင်ပါက အစိုးရက ၎င်းတို့အား တရားစွဲမှုများ မလုပ်ဟု ကတိပေးခဲ့သည်။
ပေးဆောင်ရမည့် အခွန်ပမာဏအပေါ် ရာခိုင်နှုန်းဖြင့် ပြန်လည်ကောက်ခံမည့် ဒဏ်ငွေကြောင့် အစိုးရသည် ယခု လုပ်ငန်းစဉ်မှ ရူပီး ၂၉၃ ဒသမ ၆ ဘီလျံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ဘီလျံ) ရရှိနိုင်သည်ဟု ရိုက်တာ သတင်းဌာနက တွက်ချက်ခဲ့သည်။
ယခုအစိုးရ စီမံကိန်းတွင် ပုဂ္ဂိုလ်တစ်ဦးခြင်းကို ပစ်မှတ်ထားခြင်း မရှိကြောင်း သိရသည်။ သို့သော် အစိုးရ အရာရှိများ၏ ပြောကြားချက်အရ မိုဒီ၏ ရည်မှန်းချက်မှာ ထိုလျှို့ဝှက်ထားသော ငွေများမှ ဒေါ်လာ ၇ ဒသမ ၅ ဘီလျံခန့် ပြန်လည်ရရှိရန် ရည်ရွယ်ထားသည်ဟု သိရသည်။ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲ အတွင်းက မိုဒီသည် ၎င်းရွေးကောက်တင်မြှောက်ခံရလျှင် လျှို့ဝှက်ထားသည့် ငွေမည်းများမှ ဒေါ်လာ ဘီလျံပေါင်းများစွာ ပြန်ယူပေးမည်ဟု ကတိပေးခဲ့သည်။ ယခု ရလဒ်အရ မိုဒီ၏ ငွေမည်းတိုက်ဖျက်ရေး စီမံကိန်းမှာ အောင်မြင်မှု ရရှိသည်ဟု ခေါ်ဆိုနိုင်ခဲ့သည်။
လူဦးရေ ၁ ဒသမ ၃ ဘီလျံနေထိုင်သော အိန္ဒိယနိုင်ငံထဲတွင် ၂၀၁၂-၂၀၁၃ ခုနှစ် အတွင်းက ရူပီး ၁၀ သန်းနှင့်အထက် နှစ်စဉ် ဝင်ငွေရှိကြောင်း ကြေညာသူမှာ ၁၈၀၀၀ ပင် မရှိပေ။ အိန္ဒိယနိုင်ငံထဲတွင် တစ်နေ့ဝင်ငွေ နှစ်ဒေါ်လာအောက် ရရှိသူ ဦးရေသည် သန်း ၂၇၀ ရှိနေသည်။ ၎င်းတို့၏ ဘဝကို ပြောင်းလဲပေးရန် အစိုးရ၏ ဘဏ္ဍာငွေများမှာ ဒေါ်လာဘီလျံနှင့်ချီသည့် အခွန်တိမ်းရှောင်မှုများကြောင့် နစ်နာနေရသည်ဟု ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ သိရသည်။
Ref: AFP

Most Read

Most Recent