ကလင်တန်သည် စက်တင်ဘာလ အတွင်းက စံချိန်တင် အလှူငွေ ဒေါ်လာ ၁၅၄ သန်း ရရှိခဲ့

ကလင်တန်သည် စက်တင်ဘာလ အတွင်းက စံချိန်တင် အလှူငွေ ဒေါ်လာ ၁၅၄ သန်း ရရှိခဲ့
စက်တင်ဘာ ၃၀ ရက်က ဖလော်ရီဒါ မဲဆွယ်စည်းရုံးရေးပွဲ တစ်ခုတွင် တွေ့ရသော ဟီလာရီကလင်တန် (Photo: AFP)
စက်တင်ဘာ ၃၀ ရက်က ဖလော်ရီဒါ မဲဆွယ်စည်းရုံးရေးပွဲ တစ်ခုတွင် တွေ့ရသော ဟီလာရီကလင်တန် (Photo: AFP)
Published 2 October 2016

ဟီလာရီ ကလင်တန်သည် ၎င်း၏ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် စက်တင်ဘာလအတွင်း စံချိန်တင် လှူဒါန်းငွေ ဒေါ်လာ ၁၅၄ သန်း ရရှိခဲ့သည်ဟု အောက်တိုဘာ ၁ ရက်က ကြေညာခဲ့သည်။
သြဂုတ်လ အတွင်းက ဟီလာရီကလင်တန်သည် မဲဆွယ်စည်းရုံးရေးအတွက် အလှူ ငွေ ဒေါ်လာ ၁၄၃ သန်း ရရှိခဲ့ပြီး ထရန့်က ဒေါ်လာ သန်း ၉၀ ရရှိခဲ့သည်။ အမေရိကန်တွင် ရွေးကောက်ပွဲရက် နီးလာလေ မဲဆွယ်စည်းရုံးရေးအတွက် အလှူငွေ ရရှိမှု များလာလေမှာ ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
ရရှိလာသော အလှူငွေများကို ကလင်တန်၏ မဲဆွယ်စည်းရုံးရေးနှင့် ဒီမိုကရက်တစ်ပါတီက ခွဲဝေယူရမည်ဖြစ်သည်။ ရွေးကောက်ပွဲ တစ်ခုတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် အမေရိကန် နိုင်ငံသား တစ်ဦးလျှင် ဒေါ်လာ ၂၇၀၀ လှူ ဒါန်း ကူညီခွင့် ရှိသည်။ လှူဒါန်းငွေသည် ဒေါ်လာ ၂၇၀၀ ထက် ကျော်သွားပါက ယင်းငွေများသည် ကိုယ်စားလှယ်လောင်းတို့နှင့် သက်ဆိုင်ရာ ကော်မတီများထံသို့ ရောက်ရှိသွားမည်ဖြစ်သည်။
ကလင်တန်နှင့် ၎င်း၏ ဒီမိုကရက်တစ် မဟာမိတ်များသည် ယခု အောက်တိုဘာလအတွင်း ရုပ်သံ၊ ရေဒီယို၊ အင်တာနက်များ၌ မဲဆွယ်စည်းရုံးမှုများ၊ ကြော်ငြာများ လုပ်နိုင်ရန်အတွက် ၎င်းတို့လက်ထဲတွင် ဒေါ်လာ သန်း ၁၅၀ ရှိနေပြီဖြစ်သည်။
ကလင်တန် မဲဆွယ်စည်းရုံးရေးအဖွဲ့၏ ထုတ်ပြန်ချက်ထဲ၌ စက်တင်ဘာလ အတွင်းက လူပေါင်း ၉၀၀,၀၀၀ ကျော် လှူဒါန်းငွေ ထည့်ဝင်ခဲ့ပြီး မဲဆွယ်စည်းရုံးမှု စတင်ချိန်မှ စ၍ လှူဒါန်းခဲ့သူ စုစုပေါင်းမှာ ၂ ဒသမ ၆ သန်း ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။
ထရန့်၏ မဲဆွယ်စည်းရုံးရေး အဖွဲ့ကမူ စက်တင်ဘာလအတွင်း ၎င်းတို့၏ လှူဒါန်းငွေ ရရှိမှု စာရင်းကို မထုတ်ပြန်ခဲ့ပေ။
အထက်တန်းလွှာတို့၏ သီးသန့်ရန်ပုံငွေ မြှင့်တင်ရေး ပွဲများကို ကလင်တန်က ထရန့်ထက် ပို၍ မှီခိုအားထားသည်။ ထိုပွဲမျိုးသည် တစ်ပွဲလျှင်ပင် ဒေါ်လာထောင်ပေါင်း ရာနှင့်ချီ၍ ရရှိလေ့ရှိသည်။
ထရန့်သည် ၎င်း၏ သမ္မတ မဲဆွယ်စည်းရုံးမှုအတွက် ၎င်း၏ ကိုယ်ပိုင်ငွေ ဒေါ်လာ သန်း ၆၀ နီးပါး ထုတ်သုံးနေသည်ဟု စက်တင်ဘာလ အစောပိုင်းက ဆိုသည်။ ဇွန်လမှ သြဂုတ်လအထိ ထရန့်၏ မဲဆွယ်စည်းရုံးမှုသို့ လှူ ဒါန်းငွေထည့်ဝင်ခဲ့သူ ဦးရေမှာ ၂ ဒသမ ၁ သန်း ရှိခဲ့သည်ဟု သိရသည်။ ကလင်တန်နှင့် ပထမဆုံး စကားစစ်ထိုးပွဲပြီးနောက် ၂၄ နာရီအတွင်း ထရန့်က လှူဒါန်းငွေ ဒေါ်လာ ၁၈ သန်း ရရှိခဲ့သည်ဟု ကြေညာခဲ့ဖူးသည်။
Ref: AFP

Most Read

Most Recent