စစ်ကြောင့် ထိခိုက်နစ်နာသူများအတွက် စစ်လျော်ကြေးပေးမည်ဟု ကိုလံဘီယာ သူပုန်တို့က အတည်ပြုပြောကြား

စစ်ကြောင့် ထိခိုက်နစ်နာသူများအတွက် စစ်လျော်ကြေးပေးမည်ဟု ကိုလံဘီယာ သူပုန်တို့က အတည်ပြုပြောကြား
Published 2 October 2016

ကိုလံဘီယာ သူပုန်အဖွဲ့ FARC သည် မကြာသေးမီ ရရှိခဲ့သည့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ ရှည်လျားလှသည့် ကိုလံဘီယာ စစ်ပွဲအတွင်း ထိခိုက်နစ်နာခဲ့ရသူများအတွက် စစ်လျော်ကြေးပေးမည်ဟု အောက်တိုဘာ ၁ ရက်က ထုတ်ပြန်ခဲ့သည်။
သို့သော် FARC သူပုန်တို့က စစ်ပွဲအတွက် ကုန်ကျခဲ့ရမှုများကြောင့် ထိခိုက်နစ်နာသူများအတွက် လက်ရှိတွင် ၎င်းတို့၌ ပေးလျော်စရာ ငွေကြေးမရှိဟု ဆိုသည်။
FARC ကွန်မြူနစ် သူပုန်အဖွဲ့နှင့် ကိုလံဘီယာ အစိုးရတို့သည် ၎င်းတို့ကြားမှ ၅၂ နှစ်ကြာ စစ်ပွဲကို အဆုံးသတ်ရန်အတွက် သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်အား စက်တင်ဘာ ၂၆ ရက်က လက်မှတ်ထိုးခဲ့ကြသည်။ ထိုငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် ဝေဖန်သူများကမူ လက်ဝဲသူပုန်များသည် ၎င်းတို့၌ ငွေကြေးများ ရှိလျှင်ပင် စစ်လျော်ကြေးပေးကြလိမ့်မည် မဟုတ်ဟု ပြောနေကြသည်။ ထိုငြိမ်းချမ်းရေး သဘောတူညီချက်အား အတည်ပြုရေး မပြုရေးအတွက် အောက်တိုဘာ ၂ ရက်တွင် ပြည်သူ့ ဆန္ဒခံယူပွဲ ပြုလုပ်ပြီ ဖြစ်သည်။
FARC အဖွဲ့၏ ထုတ်ပြန်ချက်ထဲ၌ ၎င်းတို့သည် ငြိမ်းချမ်းရေး သဘောတူညီချက်ပါ အချက်အလက်များနှင့်အညီ စစ်ကြောင့် ထိခိုက်နစ်နာခဲ့သူများကို ရုပ်ဝတ္တုပိုင်းဆိုင်ရာ လျော်ကြေးများ ပြန်ပေးမည်ဟု ဖော်ပြထားသည်။ စစ်ပွဲအတွက် ၎င်းတို့ စိုက်ထုတ်ခဲ့ရသည့် ငွေအရင်းအနှီးနှင့် ငွေကြေးမဟုတ်သော အရင်းအနှီးများကို အစိုးရသို့ အစီရင်ခံစာ တင်သွင်းသွားမည်ဟုလည်း FARC တို့က ဆိုသည်။
ကိုလံဘီယာ သမ္မတ ဟွမ်မန်နျူယယ်ဆန်းတို့စ်က “ငြိမ်းချမ်းရေး သဘောတူညီချက်အရ စစ်ကြောင့် ထိခိုက်နစ်နာသူတွေကို လျော်ကြေးပေးဖို့ အရင်းအနှီးတွေ လွှဲပြောင်းပေးဖို့အတွက် FARC က ကတိပြုထားပါတယ်” ဟု Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။ သူပုန်တို့ လက်နက်ချရန် အချိန်ပေးထားသည့် ရက်ပေါင်း ၁၈၀ အတွင်း ထိုပိုင်ဆိုင်မှုအရင်း အနှီးဆိုင်ရာ အစီရင်ခံစာကို တင်ပြရမည်ဖြစ်သည်။
ယခု FARC အဖွဲ့၏ ကြေညာချက်သည် ၎င်းတို့ မူးယစ်ဆေးမှောင်ခို လုပ်မှုမှ ရရှိလာသည့် ငွေကြေးများအား လွှဲပြောင်းပေးလိမ့်မည် မဟုတ်ဟု ငြင်းခုံနေကြသည့် ဝေဖန်သူများကို ရည်ရွယ်ခြင်းဖြစ်သည်ဟု ကိုလံဘီယာစစ်ပွဲကို အဓိကထား လေ့လာသူ တစ်ဦးဖြစ်သည့် ကားလို့အယ်ဖွန်ဆိုဗယ်လာကွက်ဇ်က ပြောကြားခဲ့သည်။ FARC အဖွဲ့က ပေးမည့် စစ်လျော်ကြေး ပမာဏကို စောင့်ကြည့်ရဦးမည်ဖြစ်ပြီး ယင်းသည် စစ်ပွဲပဋိပက္ခကို အဆုံးသတ်စေရန် လမ်းမှန်သို့ လျှောက်လှမ်းမည့် ခြေလှမ်းတစ်ခုအဖြစ် ဗယ်လာကွက်ဇ်က ပြောကြားခဲ့သည်။
စစ်တပ်က ဖျက်ဆီးခဲ့သော လယ်ယာမြေများကို လယ်သမားများက ပြန်လည် တောင်းခံရာမှ ဆူပူအုံကြွမှုကြီးတစ်ခု ဖြစ်ခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်မှစ၍ FARC သူပုန်အဖွဲ့သည် ကိုလံဘီယာ အစိုးရအပေါ် စတင် ပုန်ကန်ခဲ့သည်။ ထိုနှစ် ၅၀ ကျော်ကြာ စစ်ပွဲအတွင်း လူပေါင်း ၂၆၀,၀၀၀ သေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၄၅,၀၀၀ ခန့်ရှိကာ လူဦးရေ ၄၇ သန်း နေထိုင်သည့် ကိုလံဘီယာထဲ၌ လူပေါင်း ခုနစ်သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။
Ref: AFP

Most Read

Most Recent