အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေသစ်ကြောင့် အထိနာလာသော တောင်ကိုရီးယား စားသောက်ဆိုင်များ

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေသစ်ကြောင့် အထိနာလာသော တောင်ကိုရီးယား စားသောက်ဆိုင်များ
Published 2 October 2016

အကျိုးအမြတ်အတွက် လာဘ်ထိုးမှုများကို ဟန့်တားရန်ရည်ရွယ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေသစ်များကို မပြဋ္ဌာန်းမီ တောင်ကိုရီးယားတွင် စားသုံးသူများ တစ်စတစ်စ လျော့ပါးလာချိန်၌ မြို့တော်ဆိုးလ်ရှိ လူချမ်းသာများ စားသုံးသော စားသောက်ဆိုင် Poom Seoul ပိုင်ရှင်က ဆိုင်ကိုပိတ်ပစ်ရန် အတွက် အလေးအနက် စဉ်းစားနေပြီ ဖြစ်သည်။
စက်တင်ဘာ ၂၈ ရက်တွင် စတင်အာဏာ သက်ဝင်ခဲ့သော ယင်းဥပဒေသစ်အရ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ကျောင်းဆရာများနှင့် ဂျာနယ်လစ်များသည် ဝမ် ၃၀၀၀၀ (၂၆ ဒေါ်လာ) သို့မဟုတ် ယင်းထက်ပို၍ ဈေးနှုန်းမြင့်မားသော စားစရာများကို လက်ခံပါက ဥပဒေနှင့် မညီကြောင်း သတ်မှတ်ခဲ့သည်။
“ဖောက်သည်တွေက သူတို့တွေ ဥပဒေချိုးဖောက်လို့ အဖမ်းခံရနိုင်တာကို စိုးရိမ်နေတယ်လို့ ယူဆရချိန်မှာ မကြာသေးခင်ကပဲ ဆိုင်ကို သီးသန့်ကြိုတင် မှာယူမှုတွေ တစ်ရှိန်ထိုး ကျဆင်းသွားတယ်” ဟု Poom Seoul ဆိုင်ပိုင်ရှင် ရိုယန်းဟီးက ပြောကြားခဲ့သည်။ “ကမ္ဘာပေါ်မှာ ဈေးနှုန်းအစားစားနဲ့ စားစရာမျိုးစုံ ရှိတယ်။ ဒါပေမဲ့ ဝမ် ၃၀၀၀၀ နဲ့တော့ သင့်တင့်ကောင်းမွန်တဲ့ ကိုရီးယား စားသောက်ဖွယ်တွေ ရနိုင်မှာမဟုတ်ဘူး” ဟု ၎င်းက ရှင်းပြခဲ့သည်။
တောင်ကိုရီးယားတွင် အောက်ခြေအဆင့်၌ အကျင့်ပျက်ခြစားမှု ပျံ့နှံ့နေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် နောက်ဆုံး ကြိုးပမ်းမှုဖြစ်သော ယင်းဥပဒေသစ်သည် အတန်းထဲတွင် ကလေးများ အဆင့်ကောင်းရရှိစေရန် မိဘများ၏ လာဘ်ထိုးမှုကို လက်ခံသော ကျောင်းဆရာများ၊ မျက်နှာလိုက်သောသတင်း ဖော်ပြရန်အတွက် လာဘ်ထိုးမှုကို လက်ခံသော ဂျာနယ်လစ်များ၊ ဗျူရိုကရေစီဆန်သော လုပ်ငန်းစဉ်များကို မြန်မြန် ပြီးစီးစေရန်အတွက် စီးပွားရေးလုပ် ငန်းရှင်များ၏ လာဘ်ထိုးမှုကို လက်ခံသော အစိုးရဝန်ထမ်းများကို ပစ်မှတ်ထားကြောင်း သိရသည်။ ယင်းဥပဒေကြောင့် စားသောက်ဆိုင် အချို့သည် အဂတိလိုက်စားမှုကို မဖြစ်စေသော စားသောက်ဖွယ်စာ ရင်းများကို ဖန်တီးခဲ့ရသည်။
ဈေးကြီးသော ကိုရီးယားအမဲ သားများအစား အမေရိကန်မှ တင်သွင်းအမဲသားများကို အသုံးပြုပြီး ဝမ် ၂၉၈၀၀ ဈေးနှုန်းရှိသော ညစာ စာရင်းသစ်များကို ဖန်တီးခဲ့ကြောင်း Condu စားသောက်ဆိုင်မန်နေဂျာ ဟန်ယွန်းဂျိုက ပြောကြားခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ ကျောင်းဆရာများ၊ အစိုးရ တာဝန်ရှိသူများနှင့် ဂျာနယ် လစ်များသည် ဝမ် ၅၀၀၀၀ သို့မဟုတ် ယင်းထက် ပိုများသော လက် ဆောင်များ၊ နာရေး သို့မဟုတ် သာ ရေးအတွက် ဝမ် ၁၀၀၀၀၀ ထက် ပို သော ငွေသားများအား လက်ခံမှုကို တားမြစ်ထားသည်။ ဝမ်တစ်သန်း ထက်ပိုသော လက်ဆောင်များကို လက်ခံသူများသည် ထောင်ဒဏ်သုံး နှစ်အထိ သို့မဟုတ် ငွေဒဏ်ဝမ်သန်း ၃၀ အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
ကုန်တိုက်ကြီးများက ဈေးသက်သာသော လက်ဆောင်ပစ္စည်းများကို ပြင်ဆင်ရန် စတင်လုပ်ဆောင်နေရပြီး ဂေါက်ကွင်းများတွင် လာရောက်ကစားမှုမှာလည်း ထိုးကျသွားခဲ့ကြောင်း သိရသည်။
ယခင်ကမူ လာဘ်ထိုးမှုကို လက်ခံမှုဖြင့် စွဲချက်တင်ခံခဲ့ရသူများသည် သက်ညှာသော ပြစ်ဒဏ်များသာ ချမှတ်ခံခဲ့ရခြင်း သို့မဟုတ် ယင်းလက်ဆောင်များ သို့မဟုတ် ငွေသားများကို အကျိုးအမြတ်အ တွက် အလဲအလှယ် ပြုလုပ်ခဲ့မှုများအား သက်သေပြရန် ခက်ခဲမှုတို့ကြောင့် အပြစ်ပေးခံရမှုမှ လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။ ယင်းအတွက်ကြောင့် ပြည်သူများက ဒေါသထွက်ခဲ့ကြပြီး အကျိုးဆက်အဖြစ် Improper Solicitation and Graft Act ဥပဒေသစ်ကို ပြဋ္ဌာန်းရန် တွန်းအားဖြစ်စေခဲ့သည်။ ယင်း ဥပဒေသစ်ကြောင့် ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်းစေရန် ကူညီပေးနိုင်မည်ဟု အင်န်ဂျီအိုအဖွဲ့များက ကြိုဆိုခဲ့ကြသည်။
ထို့ပြင် ယင်းဥပဒေသစ်အရ အဂတိလိုက်စားမှုကို ဖော်ထုတ်ဖွင့် ချသူသည် ဆုငွေဝမ်သန်း ၂၀၀ အထိ ချီးမြှင့်ခံရမည်ဖြစ်သည်။ သို့သော် ယင်းဥပဒေကို ဝေဖန်သူအ ချို့က ပုဂ္ဂလိကနယ်ပယ်မှ ဂျာနယ်လစ်များနှင့် ကျောင်းဆရာများကဲ့သို့ အလုပ်သမားများကို ပစ်မှတ်ထားမှုသည် အခြေခံဥပဒေနှင့်မညီညွတ် သည့် အလားအလာရှိပြီး အစိုးရသည် ပြည်သူများ၏ ဒေါသပြေပျောက်စေရန် ယင်းဥပဒေကို အလောတကြီး လုပ်ဆောင်ခဲ့သည်ဟု ထောက်ပြခဲ့ကြသည်။   
Ref : AFP

Most Read

Most Recent