ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်အပေါ် မူတည်၍ လူ့အခွင့်အရေး ကော်မရှင်အား အရေးယူမည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်အပေါ် မူတည်၍ လူ့အခွင့်အရေး ကော်မရှင်အား အရေးယူမည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 2 October 2016
ငြိမ်းကို

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်အပေါ် မူတည်ပြီး အရေးယူမည်ဟု သမ္မတရုံး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။အင်းဝအပ်ချုပ်ဆိုင် ကိစ္စတွင် အိမ်အကူ အမျိုးသမီးငယ်နှစ်ဦး နှိပ်စက်ခံရမှုနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ကော်မရှင်၏ ကြားဝင်ညှိနှိုင်းမှုကို စာတင်ရန် စက်တင်ဘာ ၂၂ ရက်က နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားခဲ့ပြီး တင်ပြလာမှုကို ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ထားကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်အပေါ် မူတည်ပြီး  ယခုအောက်တိုဘာအတွင်း အရေးယူမည်ဟု သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။“လူ့အခွင့်အရေး ကော်မရှင်ကို စာတင်ဖို့ နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၂၂ ရက်က စာထုတ်ခဲ့ပါတယ်။ အင်းဝအပ်ချုပ်ဆိုင် ကိစ္စမှာ အိမ်အကူအမျိုးသမီးငယ်နှစ်ဦး နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကော်မရှင်ရဲ့ ကြားဝင်ညှိနှိုင်းခဲ့တဲ့ အပြည့်အစုံကို တင်ခိုင်းတာပါ။ လူ့အခွင့်အရေး ကော်မရှင်က တင်ပြလာတဲ့အခါ ကျွန်တော်တို့က ပြည်ထောင်စုရှေ့နေချုပ်ရုံးကို သဘောထားမှတ်ချက်ပေးဖို့ ပေးပို့ပါတယ်။ အဲဒီဟာပေါ် မူတည်ပြီးတော့ ဥပဒေကြောင်းအရ အရေးယူသွားမှာပါ။ ဒီလအတွင်း အရေးယူမှာပါ” ဟု ဦးဇော်ဌေးက ပြောကြားသည်။အင်းဝအပ်ချုပ်ဆိုင်တွင် လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ကြသော အသက် ၁၇ နှစ်အရွယ် မစန်းကေခိုင်နှင့် အသက် ၁၆ နှစ်အရွယ် မသဇင်တို့နှစ်ဦးသည် အဆိုပါ ကာလအတွင်းတွင် နှိပ်စက်မှု အမျိုးမျိုး ခံခဲ့ရပြီး မစန်းကေခိုင်သည် လက်ချောင်း ၁၀ ချောင်းလုံး ရိုက်ချိုးခံရကာ၊ မျက်နှာ၊ လည်ပင်းနှင့် လက်တွေကို ဓားနှင့်မွှန်းခံရမှုများ ရှိခဲ့သလို၊ မသဇင်မှာလည်း နှာခေါင်းကို ဓားဖြင့် အလှီးခံခဲ့ရမှုများ ပြုလုပ်ခံခဲ့ရကြောင်း သိရသည်။ ထို့ပြင် နှစ်ယောက်စလုံးကို လုပ်ခလစာ မပေးခြင်းလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ ရာဇဝတ်ပြစ်မှုမြောက်နေသည့် လုပ်ရပ်များအပေါ် လူ့အခွင့်အရေး ကော်မရှင်က ဝင်ရောက် ညှိနှိုင်းပေးရာတွင် လျော်ကြေး ကျပ်သိန်း ၅၀ ဖြင့်သာ ကျေအေးခဲ့ခြင်းကြောင့် ဝေဖန်မှုများ များပြားခဲ့ပြီး လူ့အခွင့်အရေး ကော်မရှင်ကမူ ၎င်းတို့သည် စေတနာမေတ္တာဖြင့် ညှိနှိုင်းပေးခဲ့ခြင်းသာ ဖြစ်ပြီး လာဘ်စားခဲ့ခြင်း မရှိကြောင်း ရှင်းလင်းပြောကြားသည်။အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ကော်မရှင် အဖွဲ့ဝင်များကို ထိထိရောက်ရောက် အရေးယူမှုများ ပြုလုပ်ရန် ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့ပြီး စက်တင်ဘာ ၂၆ ရက်က အဆိုပါ အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ကာ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ကြောင်း သိရသည်။အဆိုပါ အင်းဝအပ်ချုပ်ဆိုင် ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို လှောင်ပြောင် ဆန္ဒပြမှု ရှိခဲ့သလို ကော်မရှင်အဖွဲ့ဝင်များ နုတ်ထွက်ပေးရန် လက်မှတ်ထိုး တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။