ဆီးရီးယား အကူအညီပေးရေးယာဉ်တန်း ဗုံးကြဲခံခဲ့ရမှုအား ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမည်

ဆီးရီးယား အကူအညီပေးရေးယာဉ်တန်း ဗုံးကြဲခံခဲ့ရမှုအား ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမည်
စက်တင်ဘာ ၃၀ ရက်က အလက်ပိုမြို့တွင် ဆီးရီးယား အစိုးရစစ်တပ်၏ ဗုံးကြဲမှုအပြီး ဒဏ်ရာရသူ တစ်ဦးအား သယ်ဆောင်လာကြစဉ် (Photo: AFP)
စက်တင်ဘာ ၃၀ ရက်က အလက်ပိုမြို့တွင် ဆီးရီးယား အစိုးရစစ်တပ်၏ ဗုံးကြဲမှုအပြီး ဒဏ်ရာရသူ တစ်ဦးအား သယ်ဆောင်လာကြစဉ် (Photo: AFP)
Published 1 October 2016

ဆီးရီးယားတွင် ပြီးခဲ့သော သီတင်းပတ်က လူ ၁၈ ဦးကို သေဆုံးစေခဲ့သည့် အကူအညီပေးရေးယာဉ်တန်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရမှုအား စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က စက်တင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်။
ဝိုင်းရံပိတ်ဆို့ ခံထားရသော အလက်ပိုမြို့ အနောက်ဘက်ရှိ မြို့တစ်မြို့ထံ ပေးပို့မည့် အကူအညီများ တင်ဆောင်ထားသည့် ထရပ်ကား ၃၁ စီးပါဝင်သော ယာဉ်တန်းကို ရုရှား လေယာဉ်များက စက်တင်ဘာ ၁၉ ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက စွပ်စွဲခဲ့သည်။ ရုရှားက ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ထရပ်ကား ၁၈ စီးနှင့် ဂိုဒေါင်တစ်ခု ပျက်စီးခဲ့ရသည့် ယင်းဗုံးကြဲမှုများကို ရုရှားစစ်တပ်ကလည်း စစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယင်းဖြစ်စဉ်မှ အချက်အလက်များကို သေချာအောင် စိစစ်လေ့လာပြီး ဘန်ကီမွန်ထံ အစီရင်ခံမည်ဖြစ်ကြောင်း၊ ဘန်ကီမွန်က မည်သို့ ဆက်လုပ်မည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းစုံစမ်းစစ်ဆေးမှုတွင် သက်ဆိုင်သည့်ဘက် အားလုံးက အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ကြရန် ဘန်ကီမွန်က တိုက်တွန်းခဲ့သည်။ အကူအညီပေးရေး ယာဉ်တန်းကို တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း ကုလသမဂ္ဂက သတိပေးခဲ့သည်။
ကုလသမဂ္ဂနှင့် ဆီးရီးယား အာရပ်လခြမ်းနီ အဖွဲ့၏ အကူအညီပေးရေးယာဉ်တန်းများ ရှိနေသော ဧရိယာတစ်ဝိုက်သည် နှစ်နာရီ ကြာမြင့်ခဲ့သည့် ယင်းဗုံးကြဲတိုက်ခိုက်မှုများအတွင်း ကြိုတင်စီစဉ်ထားသော သတ်ကွင်းတစ်ခု ဖြစ်လာနေကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ စတက်ဖင်အို ဘရိုင်ယန်က စက်တင်ဘာ ၂၉ ရက်တွင် ကုလလုံခြုံရေးကောင်စီ၌ ပြောကြားခဲ့သည်။ အူရမ်အယ်-ကူဘရာဒေသရှိ ယင်းအကူအညီပေးရေး ယာဉ်တန်းကို ဗုံးကြဲမှုများကြောင့် ဆီးရီးယား အာရပ်လခြမ်းနီအဖွဲ့၏ ဒေသဆိုင်ရာ ခေါင်းဆောင်အိုမာဘာရာကက်နှင့် စေတနာ့ဝန်ထမ်း ၁၂ ဦး၊ ယာဉ်မောင်းငါးဦးတို့ သေဆုံးခဲ့ရသည်။
ထို့ပြင် အရပ်သား အများအပြား သေဆုံး ဒဏ်ရာရခဲ့ပြီး အနီးရှိ အကူအညီပေးရေး ပစ္စည်းသိုလှောင်ရုံ တစ်ခုနှင့် ဆေးခန်း တစ်ခုမှာလည်း ဆိုးရွားစွာ ပျက်ဆီးခဲ့ကြောင်း အိုဘရိုင်ယန်က ဆိုခဲ့သည်။ ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ယင်းအကူအညီပေးရေး ယာဉ်တန်း၏ သွားလာမှုများကို မြေပြင်ရှိ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးထံ ကြိုတင်အသိပေးခဲ့ကြောင်းလည်း ဘရိုင်ယန်က ပြောကြားခဲ့သည်။ တိုက်ခိုက်သူများသည် ယင်းအကူအညီပေးရေး ယာဉ်တန်းကို သိရှိထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ရိုက်တိုက်ခိုက်ခဲ့ပါက စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နှင့် ရုရှားအကြား ညှိနှိုင်းပေးခဲ့သော သီတင်းပတ် တစ်ပတ် ကြာမြင့်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အဆုံးသတ်ကြောင်း ဆီးရီးယားစစ်တပ်က ကြေညာခဲ့ပြီးနောက် နာရီပိုင်းအတွင်း အကူအညီပေးရေး ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
Ref: AFP

Most Read

Most Recent