လူသေအလောင်းကို အပိုင်းပိုင်း ခုတ်ဖြတ်ခဲ့ဟု ထိုင်း၌ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်မှုဖြင့် စွပ်စွဲခံခဲ့ရသူက ဝန်ခံ

လူသေအလောင်းကို အပိုင်းပိုင်း ခုတ်ဖြတ်ခဲ့ဟု ထိုင်း၌ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်မှုဖြင့် စွပ်စွဲခံခဲ့ရသူက ဝန်ခံ
Published 1 October 2016

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုင်ငံကူးလက်မှတ် အတုပြုလုပ်သည့် အဖွဲ့ကို ဦးဆောင်နေသည်ဟု စွပ်စွဲခံခဲ့ရသော အမေရိကန် တစ်ဦးက ရေခဲခံသေတ္တာထဲတွင် တွေ့ရှိရသော လူသေအလောင်းကို အပိုင်းပိုင်း ခုတ်ဖြတ်ခဲ့သည်ဟု ဝန်ခံခဲ့သော်လည်း လူမသတ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၎င်း၏ နိုင်ငံကူးလက်မှတ် အများအပြားကြောင့် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် ထိုင်းရဲတပ်ဖွဲ့က ကနဦးတွင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသော အသက် ၆၃ နှစ်ရှိ ယင်းသံသယရှိသူကို အခြား အမေရိကန် နှစ်ဦးနှင့်အတူ ဘန်ကောက်ရှိ ဒုစရိုက်မှုများ ကျူးလွန်သည့် ၎င်းတို့၏ တိုက်ခန်းတွင် ပြီးခဲ့သော သီတင်းပတ်က ဖမ်းဆီးနိုင်ခဲ့သည်။
ယင်းတိုက်ခန်းကို ရဲတပ်ဖွဲ့က စီးနင်းရှာဖွေစဉ် သေနတ်များ၊ မူးယစ်ဆေးများနှင့် ရေခဲသေတ္တာထဲတွင် လူသေအလောင်းကို အပိုင်းပိုင်း ခုတ်ဖြတ်၍ ထည့်ထားသော အိတ်များကို တွေ့ရှိခဲ့ရသည်။ ယင်းလူဆိုးဂိုဏ်း၏ ခေါင်းဆောင်ဟု ယူဆခံရသော Herbert La Fon သည် ရဲတပ်ဖွဲ့၏ လက်ထိတ်ခတ် ဖမ်းဆီးခြင်း မခံရမီ ရဲများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ “ဒီဟန်ဂေရီ အမျိုးသားကို သတ်တဲ့ဖြစ်စဉ်မှာ သူ မပါခဲ့ဘူး။ ဒါပေမဲ့ အလောင်းကို သူက အပိုင်းပိုင်း ခုတ်ဖြတ်ခဲ့တယ်လို့တော့ ဝန်ခံတယ်” ဟု ဘန်ကောက်ရဲချုပ် ဆာနက်မဟာထာဗွန်းက အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
ယင်းအမေရိကန် အမျိုးသားကို နံနက် ၃ နာရီအထိ စစ်ဆေးမေးမြန်းခဲ့ပြီး ရဲတပ်ဖွဲ့က လက်ခံယုံကြည်မှု မရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
La Fon က ယင်းအလောင်းကို ခုတ်ဖြတ်ထားမှု သို့မဟုတ် လက်ဝယ်ထားရှိမှုနှင့် ပတ်သက်၍ လတ်တလောတွင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ၎င်း၏ ထွက်ဆိုမှုများသည် အမြဲပြောင်းလဲနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှု ခံရစဉ်အတွင်း သံသယ ရှိခံရသူများသည် ၎င်းတို့၏ ထွက်ဆိုချက်များကို နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းမှုများသည် ပုံမှန်ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ရေခဲသေတ္တာတွင် တွေ့ရှိခဲ့ရသော အလောင်းကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ရန် မှုခင်းဆေး ကျွမ်းကျင်ပညာရှင်များက ကြိုးစားနေဆဲဖြစ်ပြီး ယင်းအလောင်းသည် သက်လတ်ပိုင်းရှိ ဟန်ဂေရီ အမျိုးသား ဖြစ်နိုင်သည်ဟု ၎င်းတို့က ယုံကြည်နေသည်။ အလောင်းကို ရေခဲသေတ္တာထဲတွင် အချိန်ကြာမြင့်စွာ အေးခဲထားရှိထားသဖြင့် ၎င်း၏ သေဆုံးချိန်ကို မသိရသေးကြောင်း ချူလာလောင်ကွန်းဆေးရုံ၏ မှုခင်းဆေးဌာန အကြီးအကဲ အူဒမ်ဆက်ဟန်ဗီချက်က ထိုင်းရုပ်သံ Channel 3 သို့ ပြောကြားခဲ့သည်။
La Fon သည် အကြွေးဝယ်ကတ်အတု ပြုလုပ်မှုဆိုင်ရာ စွဲချက်များဖြင့် အက်ဖ်ဘီအိုင်က ၁၉၇၉ ခုနှစ်တွင် အလိုရှိစာရင်း၌ ထည့်သွင်းခံထားရသူ ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုင်းနိုင်ငံသည် ရာဇဝတ်သားနှင့် ရွှေ့ပြောင်းအခြေချသူ အများအပြားကို ဒေသဆိုင်ရာနှင့် ပြည်ပ အာဏာပိုင်များ၏ရန်မှ ရှောင်လွဲှပေးနိုင်သော နိုင်ငံကူးလက်မှတ်အတု ပြုလုပ်ပေးသော လုပ်ငန်းဗဟိုချက်တစ်ခု ဖြစ်သည်။
Ref: AFP

Most Read

Most Recent