ဖိလစ်ပိုင်သမ္မတ၏ ဟစ်တလာမှတ်ချက်များကြောင့် အလွန်အမင်း အခက်တွေ့ရကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြောကြား

ဖိလစ်ပိုင်သမ္မတ၏ ဟစ်တလာမှတ်ချက်များကြောင့် အလွန်အမင်း အခက်တွေ့ရကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြောကြား
Published 1 October 2016

ဂျူးများကို မျိုးတုံးသတ်ရန် ဟစ်တလာက ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုကို နှစ်သက်ကြောင်း ပြောကြားခဲ့သည့် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂိုဒူတာတေး၏ မှတ်ချက်များကြောင့် အလွန်အမင်း အခက်တွေ့ရကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက စက်တင်ဘာ ၃၀ ရက်တွင် ဝေဖန်ပြောကြားခဲ့သည်။
အရှေ့တောင်အာရှ မဟာမိတ်နိုင်ငံများနှင့် ဒေသတွင်းလုံခြုံရေး အစည်းအဝေးတွင် ကာတာက ဖိလစ်ပိုင် သမ္မတ၏ မှတ်ချက်များနှင့် ပတ်သက်၍ ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒူတာတေးက ဖိလစ်ပိုင်၏ မူးယစ်ဆေးဝါးပြဿနာကို အမြစ်ပြတ်နှိမ်နှင်းရန် ကြိုးပမ်းမှုများကို အဒေါ့ဖ်ဟစ်တလာ၏ လူမျိုးတုံးသတ်ဖြတ်မှုများနှင့် စက်တင်ဘာ ၃၀ ရက် အစောပိုင်းတွင် နှိုင်းယှဉ် ပြောကြားခဲ့သည်။
အမေရိကန် အစိုးရ အဖွဲ့သစ်သည် အာရှကို ချိန်ခွင်လျှာ ပြန်လည်ညှိရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အရှေ့တောင်အာရှ ကာကွယ်ရေး ဝန်ကြီးများနှင့် လုံခြုံရေးထိပ်သီး ဆွေးနွေးပွဲများတွင် တွေ့ဆုံစဉ် အာမခံချက်ပေးရန် အက်ရှ်တန်ကာတာက ကြိုးပမ်းခဲ့သည်။ ဒူတာတေး၏ မှတ်ချက်များနှင့် ပတ်သက်၍ ထိပ်သီး ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ကာတာက ပြောကြားခဲ့သည်။ သို့သော်လည်း ပုဂ္ဂိုလ်ရေး သဘောထားကို ပြောကြားရမည် ဆိုပါက ထိုမှတ်ချက်များအတွက် အလွန်အမင်း အခက်တွေ့ရကြောင်း ကာတာက ပြောကြားခဲ့သည်။
ဟာဝိုင်ယီတွင် ကျင်းပသော အာဆီယံ ကာကွယ်ရေး ဝန်ကြီးများနှင့် ပုံမှန်မဟုတ်သော ထိပ်သီးဆွေးနွေးပွဲသည် တောင်တရုတ် ပင်လယ်၌ တရုတ်၏ လွှမ်းမိုးမှု ကြီးထွားလာနေချိန်တွင် ဒေသတွင်း လုံခြုံရေးနှင့် ပတ်သက်၍ ရေရှည် ရပ်တည်ချက်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
တောင်တရုတ်ပင်လယ် နေရာအများစုကို ပိုင်ဆိုင်ကြောင်း တရုတ်၏ ပြောကြားမှုများအား အမေရိကန်စစ်ဘက်က ဥပေက္ခာ ပြုသွားမည်ဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ်ကျွန်းများ အနီးရှိ ရေပြင်နှင့် ဝေဟင်ပိုင်နက်တွင် စစ်ရေးများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာတာက အကြိမ်ကြိမ် အလေးထား ပြောကြားထားသည်။
အာဆီယံ ကာကွယ်ရေး ဝန်ကြီးများနှင့် ထိပ်သီးဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် နောက်ထပ်အရေးကြီး အကြောင်းအရာ တစ်ခုမှာ အာဆီယံ၌ အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူတို့တွင် ထကြွနေသော IS နှင့် ဆက်နွှယ်သည့် အကြမ်းဖက် အဖွဲ့များအကြောင်း ဖြစ်သည်။
ဆီးရီးယားနှင့် အီရတ်မှ ပြန်လာသော ဂျီဟတ်များနှင့် IS ကို အားကျသည့် အကြမ်းဖက် အုပ်စုများ၏ ခြိမ်းခြောက်မှုများသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများကြား အဓိက စိုးရိမ်စရာ ဖြစ်နေကြောင်း စင်ကာပူ ကာကွယ်ရေးဝန်ကြီး ငန်အယ်ဟင်က ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent