ငြင်းခုံပွဲအပြီး စစ်တမ်းတွင် ဟီလာရီကလင်တန်က ဒေါ်နယ်ထရန့်ကို အသာစီးရရှိ

ငြင်းခုံပွဲအပြီး စစ်တမ်းတွင် ဟီလာရီကလင်တန်က ဒေါ်နယ်ထရန့်ကို အသာစီးရရှိ
Published 1 October 2016

ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သော ပထမဆုံး ငြင်းခုံပွဲ၌ ဟီလာရီကလင်တန်သည် သူ၏ ခိုင်မာသော အနေအထားကို ပြသနိုင်ခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် ကောက်ယူသည့် တစ်နိုင်ငံလုံးနှင့် ဆိုင်သော စစ်တမ်းအသစ်တစ်ရပ် အောက်တိုဘာ ၁ ရက်တွင် ထွက်ပေါ်လာခဲ့ရာ ကလင်တန်က ဒေါ်နယ်ထရန့်ကို အသာစီး ရရှိနေကြောင်း သိရသည်။
ဒီမိုကရက်တစ် သမ္မတလောင်းဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်သည် သူ၏ ရီပက်ဘလီကင်ပြိုင်ဘက် ဒေါ်နယ်ထရန့်ကို ၄၃-၄၀ ရာခိုင်နှုန်းဖြင့် သုံးရာခိုင်နှုန်း အသာရရှိနေကြောင်း Fox News သတင်းဌာနက ကောက်ယူသည့် စစ်တမ်းအရ သိရသည်။
ကလင်တန်သည် မှားယွင်းနိုင်ခြေ အတိုင်းအတာ အတွင်း၌ပင် ရှိသော သုံးရာခိုင်နှုန်းသာ အသာရရှိသော်လည်း လွန်ခဲ့သည့် သီတင်းနှစ်ပတ်က အလားတူ ကောက်ယူခဲ့သည့် စစ်တမ်း၌ တစ်ရာခိုင်နှုန်းသာ အသာရရှိခဲ့ရာမှ ခုန်တက်လာခြင်းဖြစ်သည်။
လစ်ဘာတာရီယန်ပါတီမှ ဂယ်ရီဂျွန်ဆင်နှင့် ဂရင်းပါတီမှ ဂျေးစတိန်းတို့သည် ရှစ်ရာခိုင်နှုန်းနှင့် လေးရာခိုင်နှုန်း အသီးသီး ရရှိကြသည်။
မဲဆန္ဒရှင် အရေအတွက် များပြားသော ဖလော်ရီဒါပြည်နယ်တွင် ငြင်းခုံပွဲပြီးကတည်းက မဲများ ကလင်တန်ဘက်သို့ ယိမ်းလာကြသည်ကို တွေ့ရှိရသောကြောင့် သမ္မတရွေးကောက်ပွဲ၌ ကလင်တန် အနိုင်ရရှိရန် အလေးသာ၍ လာသည်။
ဒက်ထရိုက် သတင်းဌာနနှင့် WDIV ရုပ်သံဌာနတို့က အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိသည့် မစ်ရှီဂန်ပြည်နယ်တွင် စစ်တမ်းကောက်ယူခဲ့ရာ၌ ငြင်းခုံပွဲပြီးနောက် ကလင်တန်သည် ထရန့်အား ခုနစ်ရာခိုင်နှုန်း အသာဖြင့် ဦးဆောင်နေကြောင်း တွေ့ရှိရသည်။
Nielsen အဖွဲ့၏ ရေတွက်မှုအရ ပထမဆုံး ငြင်းခုံပွဲကို အမေရိကန်၌ လူပေါင်း ၈၄ သန်း ကြည့်ရှုခဲ့ပြီး အမေရိကန် သမိုင်း၌ စံချိန်တင်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲ မတိုင်မီ ယင်းကဲ့သို့ ငြင်းခုံပွဲမျိုး သုံးကြိမ် ပြုလုပ်မည်ဖြစ်သည်။
ငြင်းခုံပွဲအတွင်း တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ နိုင်ငံခြားရေးမူဝါဒနှင့် အကြမ်းဖက်မှုတို့နှင့် ပတ်သက်၍ ငြင်းခုံကြရာတွင် ကလင်တန်သည် ထရန့်အား ခံစစ်ဖြင့် ကစားရအောင် အကြိမ်ကြိမ် ဖိအားပေးနိုင်ခဲ့သည်ဟု ဆိုသည်။
သို့သော် အမေရိကန် မဲဆန္ဒရှင်များ အနေဖြင့် သမ္မတလောင်း တစ်ဦးဦးအား အထူးသဖြင့် ပို၍နှစ်သက်ခြင်းမျိုး မရှိဘဲ နိုင်ငံသား များစွာတို့သည် မဆုံးဖြတ်နိုင်သေးသည့် အနေအထား၌သာ ရှိကြဆဲ ဖြစ်ကြောင်းလည်း သိရသည်။
Fox News ၏ စစ်တမ်းအရ ကလင်တန်နှင့် ပတ်သက်၍ မကောင်းသော ထင်မြင်မှု ရှိသူ ၅၃ ရာခိုင်နှုန်းရှိပြီး ထရန့်နှင့် ပတ်သက်၍ ၅၅ ရာခိုင်နှုန်း ရှိကြောင်းလည်း သိရသည်။
ထရန့်သည် ရိုးသားဖြောင့်မတ်ပြီး ယုံကြည်အားကိုးလောက်သည်ဟု ယုံကြည်သော မဲဆန္ဒရှင် အရေအတွက်သည် စက်တင်ဘာလလယ်ပိုင်းနှင့် နှိုင်းယှဉ်ပါက ၃၁ ရာခိုင်နှုန်းသို့ ရောက်ရှိကာ ရှစ်ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ကလင်တန်မှာမူ အပြောင်းအလဲ မရှိဘဲ လွန်ခဲ့သည့် သီတင်း နှစ်ပတ်က ၃၄ ရာခိုင်နှုန်းရှိပြီး ယခုအခါ ၃၅ ရာခိုင်နှုန်း ရရှိကြောင်း သိရသည်။
Fox News ၏ စစ်တမ်းသည် မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင် ၁၀၀၉ ဦးကို မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး မဲပေးဖွယ်ရှိသူ ၉၁၁ ဦး၏ ရလဒ်များ ပါဝင်ကာ စက်တင်ဘာ ၂၇ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Ref: AFP

Most Read

Most Recent